မန်းရွှေစက်တော်ဘုရား ပုသိမ်-မုံရွာတိုက် မီးလောင်
DVB
·
February 19, 2018

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော် ပုသိမ်-မုံရွာတိုက်မှာ ဒီနေ့ညနေ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “မန်းရွှေစက်တော် ဘုရားမှာရှိတဲ့ အခန်း (၇)ခန်းပါ တိုက်တန်းကို မနေ့က၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တင်ဒါပေးလိုက်တော့ ကိုဝင်းစိုး ကတင်ဒါအောင်သွားတယ်။ အထဲက ဆွေးမြေ့နေတဲ့ အထပ်သားလေးတွေ လောင်သွားတယ်။ ဘေးနံရံတွေတော့ ဘာမှဖြစ်ဘူး၊ ၃ နာရီ ၁၅ မှာ မီးညွှန့်ကျိုးသွားတယ်၊ လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းဆဲဖြစ်တယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ တည်းခိုဆောင်လုပ်ငန်းရှင်တွေ၊ ဈေးသူဈေးသားတွေနဲ့ ဘုရားဖူး ပြည်သူတွေက ဝိုင်းဝန်းပြီး အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဈေးဆိုင်ခန်းတွေနဲ့ တည်းခိုခန်းတွေအထိ မီးလောင်မှုဖြစ်ခဲ့တာမရှိဘူးလို့ ဈေးသည်တဦးက ပြောပါတယ်။
မီးလောင်ခဲ့တဲ့ ပုသိမ်-မုံရွာတိုက်ဟာ ရွှေစက်တော်တည်းခိုဆောင်တွေအတွင်းမှာရှိတဲ့ တည်းခိုဆောင်မဟုတ်ပါဘူး။
အဲဒီ ပုသိမ်မုံရွာတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘုရားပွဲတော်မှာ ဘုရားဖူးပြည်သူတွေ တည်းခိုခဲ့ကြပေမယ့် ဒီနှစ် ဘုရားပွဲတော်မှာတော့ တည်းခိုဆောင်လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တာမျိုးလည်းမရှိဘူးလို့ ရွှေစက်တော်ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းကပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နွေရာသီ ရက်ရှည်ပွဲတော် တခုဖြစ်ပြီး မြန်မာပြည်အနှံအပြားက ဘုရားဖူးခရီးသည် အမြောက်အများ လာရောက်ဖူးမြှော်ကြတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ်ဆန်းတစ်ရက်နေ့မှ ဘုရားပွဲတော်ကာလပြီးဆုံးမှာဖြစ်ပါတယ်။
သတင်း-မင်းထီး/လင်းဆက်အောင်
ဓာတ်ပုံ-ဦးမြင့်သိန်း (ရွှေစက်တော်ဂေါပက)