
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၆/၇ နဲ့ ၂၈၇/၀ အကြားမှာ ဖေဖေါ်ဝါရီ ၁၈ ရက် နေ့လယ်က ခရီးသည်တင်ကားငယ်နောက်ပိုင်းကို အိမ်စီးကားတစီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိလို့ ကျန်းမာရေး ဝန်ထမ်း ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားတယ် လို့ သီးကုန်းအမြန်လမ်းရဲစခန်းက ပြောပါတယ်။
နေပြည်တော်ဘက်ကို လာတဲ့ ယာဉ်မောင်း မျိုးမြင့်ဦး တဦးတည်းမောင်းလာတဲ့ အိမ်စီးကားက အရှိန်မထိန်းနိုင်ဘဲ လားရာတူက သွားနေတဲ့ ခရီးသည်တင်ကားငယ် နောက်ပိုင်းကို ဝင်တိုက်မိတာပါ။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကားငယ်မှာ လမ်းရဲ့ဘယ်ဘက်မှာရှိတဲ့ လမ်းလယ်ကျွန်းပေါ်ရောက်ပြီး တိမ်းမှောက်သွားပါတယ်။ ခရီးသည် ၁၇ ဦးအနက် ဘုတလင်ပြည်သူ့ဆေးရုံဝင်းနေ အသက်၂၃ နှစ်ရှိ ကျန်းမာရေးကြီးကြပ် ၂ အဆင့်ရှိ မမြသက်ဝေဝင်း အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပြီး ၁၄ ဦး ဒဏ်ရာရပါတယ်။
သီးကုန်းအမြန်လမ်းရဲစခန်းတာဝန်ကျ ရဲအရာရှိက “ယာဉ်မောင်း ၂ ဦးလုံး ဒဏ်ရာမရကြဘူး။ မမြသက်ဝေဝင်းက ဘယ်ဘက်ချိုစောင်းပေါက်ပြီး ပါးစပ်ရယ် နားနဲ့နှာခေါင်းတို့က သွေးထွက်ပြီး နေရာတင်သေဆုံးသွားတယ်။ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၉ ဦး ပွန်းပဲ့နာကျင်ဒဏ်ရာ ရကြတယ်။ တပ်ဖွဲ့ပိုင်ကား ၂ စီးနဲ့ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။
သီးကုန်းအမြန်လမ်းရဲစခန်းက မျိုးမြင့်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ- ၃၀၄(က)/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











