ယူကရိန်း အပါအဝင် ဥရောပမှာ စစ်ရေးမဟာမိတ်သစ်တခု ဖွဲ့စည်းမဲ့ အယူအဆဟာ ရုရှားကို ဟန့်တားဖို့ ရည်ရွယ်ပြီး အမေရိကန်ကို အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကိုရင်ဆိုင်ဖို့ ပိုလွတ်လပ်ခွင့်ပေးလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ်က ဧပြီ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
လာ့ဗ်ရော့ဗ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ ပေကျင်းမြို့တော် ခရီးစဉ်အတွင်း သူ့မှတ်ချက်တွေကို ပြောခဲ့တာပါ။
အမေရိကန်က တရုတ်မျက်နှာစာမှာ သူ့လက်တွေ လွတ်လွတ်လပ်လပ် ရှိစေရေးအတွက် ရုရှားကို တားဖို့ အဓိကတာဝန်ကို ဥရောပဆီ လွှဲချင်နေတာ ထင်ရှားပါတယ်။ ဒါကြောင့် ဆွေးနွေးမှုတွေကိုသာမက ကြိုတင်ကြေညာထားတဲ့အတိုင်း ယူကရိန်းပါဝင်တဲ့ စစ်ရေးနဲ့ ရုရှားဆန့်ကျင်ရေး အုပ်စုတခု ဖန်တီးဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကိုပါ လှုံ့ဆော်ဖို့ ကြိုးစားနေတာပါလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
သူတို့က ယူကရိန်းမှာ တည်ငြိမ်ရေးတပ်ဖွဲ့တွေ ချထားရေးအကြောင်းလည်း ပြောနေကြတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက ဒီအတွေးကို နှစ်သက်နေတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကလည်း ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး သူနဲ့ သဘောတူတယ်။ အမေရိကန်တွေကလည်း ပြောနေကြတယ်လို့ လာ့ဗ်ရော့ဗ်က ဆက်ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုကတော့ “ပြင်သစ်နဲ့ ဗြိတိသျှတို့ဟာ (ယူကရိန်းမှာ) တည်ငြိမ်ရေးတပ်ဖွဲ့တချို့ ချထားချင်ကြတယ်။ အမေရိကန်နည်းပညာတွေ မပါဘဲ သူတို့ မနေနိုင်ဘူးဆိုတာ ရှင်းနေပါတယ်။ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ငြိမ်းချမ်းရေးရရင် ကျနော်တို့ သူတို့ကို ထောက်ခံဖို့ အသင့်ရှိနေပါမယ်” လို့ မကြာသေးမီက ပြောခဲ့ပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းဆီ လက်နက်တွေ ဝယ်ပို့နေတာကို ရပ်တန့်လိုက်ပြီလို့ အမေရိကန် ဒုတိယသမ္မတ JD ဗန့်စ်က ဧပြီ ၁၄ ရက်နေ့ ဂျော်ဂျီယာပြည်နယ်၊ အေသင်မြို့မှာ ကျင်းပတဲ့ Turning Point USA ပွဲမှာ ပြောပါတယ်။
ယူကရိန်းအတွက် အမေရိကန်ရန်ပုံငွေကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အတွက် မဲဆွယ်စည်းရုံးချိန်က ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေကိုလည်း ဗန့်စ်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
အမေရိကန်အစိုးရအဖွဲ့က ဥရောပမဟာမိတ်တွေကို ယူကရိန်းအတွက် သူတို့ကိုယ်တိုင် လက်နက်တွေ ဝယ်နိုင်တယ်လို့ ပြောခဲ့တဲ့အကြောင်း ဗန့်စ်က ပြောခဲ့ပါသေးတယ်။
အမေရိကန်က လက်နက်တွေဝယ်ယူပြီး ယူကရိန်းဆီ မပို့တော့ပါဘူးလို့ သူက ပြောကြားခဲ့ပြီး ဒီလုပ်ရပ်က အလွန်ကောင်းမွန်တဲ့အရာပါလို့လည်း သူက ခေါ်ဆိုခဲ့ပါတယ်။
ဒီအတောအတွင်း ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ တခြားမြို့တွေကို တညလုံး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးတယောက် အပါအဝင် လူ ၁၃ ယောက် သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့အပြင် အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ အရာရှိတွေက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။
ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက သူ့မြို့မှာ ကလေးအပါအဝင် လူ ၄ ယောက် သေဆုံးခဲ့ပြီး မြို့ခံ ၄၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့ အစောပိုင်းက ကိယက်ဗ်မြို့တော်မှာ နောက်ထပ်တိုက်ခိုက်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
အလွန်နိမ့်နိမ့် ပျံနေတဲ့ ဒရုန်းတစင်းက ၁၈ ထပ် အဆောက်အအုံကို ဝင်တိုက်မိခဲ့တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ ယူကရိန်း အရေးပေါ်ဌာနတွေက ကိယက်ဗ်မြို့တော်မှာ သေဆုံးသူ ၅ ယောက် ရှိတယ်လို့ ပြောပါတယ်။
မြို့တော်မြောက်ပိုင်း ခရိုင်တခုက အဆောက်အအုံတလုံး အကြီးအကျယ် မီးလောင်ခဲ့လို့ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးတွေ နေရာအတော်များများမှာ ကျရောက်ခဲ့တယ်လို့ ကလစ်ချ်ကိုက ဆက်ပြောပါတယ်။
ရုရှားက တိုက်ခိုက်လို့ လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တဲ့ တောင်ပိုင်း ဩဒက်ဆာမြို့မှာ ဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ လူ ၇ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ စစ်ဘက် အုပ်ချုပ်ရေးအကြီးအကဲ ဆာဟီလီဆက်ခ်က ပြောပါတယ်။
ယူကရိန်း အရှေ့တောင်ပိုင်းက နစ်ပရိုမြို့မှာ လူ ၂ ယောက် သေဆုံးတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက် ဆန်ဒါဂန်ဇာက ပြောပါတယ်။ လူ ၂၇ ယောက်ကို ဒဏ်ရာရသူတွေအဖြစ် စာရင်းပြုစုထားပြီး လူနေအိမ် အဆောက်အအုံတွေ မီးလောင်နေပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
အရှေ့မြောက်ပိုင်းက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါခိဗ်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် လူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
Source: Reuters










