DVB Logo
Home
Lead Story
စာသင်ကျောင်းတွေကို ဝင်ရောက်ပစ်ခတ်မှု၊ အမေရိကန်နဲ့ လက်နက်
DVB
·
February 19, 2018
စာသင်ကျောင်းတွေကို ဝင်ရောက်ပစ်ခတ်မှု၊ အမေရိကန်နဲ့ လက်နက်
Donate to DVB

အမေရိကန်ရဲ့ ခေတ်သစ်သမိုင်းမှာ သေကျေဒဏ်ရာရမှု အများဆုံး ကျောင်းတွင်းပစ်ခတ်သတ်ဖြတ်မှုတခု ဖြစ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖလော်ရီဒါ ပုလိပ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့သူက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ နီကိုလတ်စ် ခရုဇ်က သူဟာ ခန်းမတလျှောက်နဲ့ ကျောင်းဝင်းအတွင်းမှာ သူ တွေ့ခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေကို စပြီး ပစ်ခတ်ခဲ့တယ်လို့ ပုလိပ်တပ်ဖွဲ့ကို ဝန်ခံပြောဆိုခဲ့ပါတယ်။ သူဟာ ဖလော်ရီဒါပြည်နယ် ပတ်လင်းဒ်မှာရှိတဲ့ မာဂျိုရီ စတုန်းမင်း ဒေါက်ဂလတ်စ် အထက်တန်းကျောင်းကို အူဘာ အငှားကားနဲ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီ ၁၉ မိနစ်မှာ ရောက်ရှိခဲ့ပြီး သူ့ရဲ့ အေအာ-၁၅ ဆင်မီအော်တော်မစ်တစ်ရိုင်ဖယ်ကို ထုတ်ယူလိုက်ပြီး ကျောင်းထဲမှာရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိ အာဏာပိုင်တွေက အသေးစိတ် ဖော်ပြ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာခရုဇ်ဟာ ပထမ မြေညီထပ်မှာရှိတဲ့ စာသင်ခန်း ၅ ခန်းထဲမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အဦ ပထမထပ်က သစ်လွင်ကျောင်းသားတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သူက သူ့ရဲ့ရိုင်ဖယ်သေနတ်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ဆန်တွေကို လှေကားမှာ ပစ်ချထားခဲ့ပြီး အလန့်တကြား ပြေးလွှားနေကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ရောနှောပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ သူ့ကြောင့် အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပုလိပ်တပ်ဖွဲ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကျောင်းကနေ ထွက်ပြေးခဲ့ပြီး သူက ဝေါလ်မတ်ကို လမ်းလျှောက်သွားခဲ့ပြီး မြေအောက်မီးရထားဘူတာမှာ သောက်စရာတခု ဝယ်သောက်ခဲ့သလို မက်ဒေါ်နယ်လ်ဆိုင်မှာလည်း ခဏ ရပ်ဆိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မွန်းလွဲ ၃း၄၁ မိနစ် အချိန်မှာတော့ လူနေရပ်ကွက်ထဲမှာ လမ်းလျှောက်နေတုန်း ပုလိပ်တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ပုလိပ်တပ်ဖွဲ့က နီကိုလတ်စ် ခရုဇ်နဲ့ ပတ်သက်ပြီး သိထားခဲ့တဲ့ အချက်တွေက ခရုဇ်ဟာ မာဂျိုရီ စတုန်းမင်း ဒေါက်ဂလတ်စ် အထက်တန်းကျောင်းက ကျောင်းစည်းကမ်းအရ ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတယောက် ဖြစ်ပြီး အာဏာပိုင်တွေကတော့ သူ ဘယ်တုန်းက ကျောင်းထုတ်ခံခဲ့ရတယ် ဆိုတဲ့ အချက်အလက်နဲ့ တခြား အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ခုတော့ ဒီပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သူ့ကို ကြိုတင်လူသတ်ဖို့ ကြံစည်မှု ပုဒ်မ ၁၇ ခုနဲ့ တရားစွဲဆိုထားခဲ့ပြီလို့ သိရပါတယ်။ သူကလည်း သူဟာ အေအာ-၁၅ ဆင်မီအော်တိုမက်တစ်ရိုင်ဖယ်၊ ကျည်ဆန်ဘောက်ဆ်တွေနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူသွားခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒေသ သတင်းဖော်ပြချက်တချို့အရ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ကို ယူကျုကနေ နီကိုလတ်စ် ခရုဇ်လို့ နာမည်ခံတယောက်က “ကျုပ်က ကျောင်းတွင်းပစ်ခတ်ရေးနဲ့ တကယ့် အသက်မွေးဝမ်းကျောင်းပြုသူတယောက် ဖြစ်လာပါတော့မယ်” လို့ ပို့စ်တခုတင်ပြီး သတိပေးတာကို စက်တင်ဘာလထဲမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗွီဒီယို ဘလော့ဂါ တယောက်ကိုတော့ အက်ဖ်ဘီအိုင်ကို ဝေဖန်သတိပေးခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို အက်ဖ်ဘီအိုင်က ခေါ်ပြီး မေးမြန်းစစ်ဆေးတာ လုပ်ခဲ့ပေမယ့် ဒေသဆိုင်ရာ ပုလိပ်တပ်ဖွဲ့ကိုတော့ အသိပေး သတိပေးတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဒေသခံ သတင်းမီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။

စုံစမ်းရေးမှူးတွေကတော့ အဲဒီဝေဖန်ပြောဆိုမှု ပို့စ်တင်ခဲ့သူဟာ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ နောက်ဆုံး သတင်းတွေအရတော့ အက်ဖ်ဘီအိုင်က သူတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုတင်အသိပေးတာမျိုး ခံခဲ့ရတယ် ဆိုတာကို ဝန်ခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပုလိပ်အဖွဲ့ကတော့ ဒီပစ်ခတ်မှု ဘာဖြစ်လို့ ကျူးလွန်ခဲ့တယ် ဆိုတာကို အဆုံးအဖြတ် မပေးနိုင်သေးပါဘူး။ ခရုဇ်ကိုတော့ ကြောက်လန့်တကြား ဖြစ်နေတဲ့ကြားက သူတို့ရဲ့ ဆဲလ်ဖုန်းတွေနဲ့ ဗွီဒီယို ရိုက်ကူးထားခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ဗွီဒီယိုမှတ်တမ်းတွေအရ ဗုဒ္ဓဟူးနေ့ ပစ်ခတ်သတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး ပင်မ ဘရိုးဝပ်ဒ်ကောင်တီ အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး မလုပ်နိုင်အောင်လည်း စောင့်ကြပ်ကြည့်ရှုထားပါတယ်။

ဒီကျောင်းတွင်း ပစ်ခတ်သတ်ဖြတ်မှုမှာ အသုံးပြုခဲ့တဲ့ အေအာ-၁၅ ဆင်မီအော်တိုမက်တစ် ရိုင်ဖယ်ကို ဖလော်ရီဒါက ဆန်းရိုက်စ် လက်နက်ဆိုင်မှာ တရားဝင် ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဖက်ဒရယ် တရားဥပဒေ ထိန်းသိမ်းရေးအရာရှိ တယောက်က ဆိုပါတယ်။

ဖမ်းဆီးမှု မှတ်တမ်းအရ ခရုဇ်ဟာ အဲဒီရိုင်ဖယ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

မိုင်ယာမီ အရက်၊ ဆေးရွက်ကြီး၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ဗျူရိုက တာဝန်ခံ အထူးစုံစမ်းရေးမှူးဖြစ်သူ ပီတာဂျေ ဖော်ဆယ်လီက “ဒီလက်နက်ကို ဝယ်ယူတာမှာတော့ ဥပဒေချိုးဖောက်တာမျိုး မရှိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ဖလော်ရီဒါမှာ အေအာ-၁၅ တလက်ဟာ လက်ကိုင်သေနတ်တို တလက်ထက်တောင် ဝယ်ရတာ လွယ်ကူပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်သူတွေအတွက် ရွေးချယ်စရာကောင်းတဲ့ လက်နက်ကောင်းတခု ဖြစ်လာနေပြီလို့ အမေရိကန်ပြည်ထောင်စုမှာ လူအစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းကို ရှင်းလင်းဖော်ပြဖို့ ကြိုးစားတဲ့ သုတေသနပြုမှုက ပြဆိုနေပါတယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုနဲ့ပါဆိုရင် ခေတ်သစ် အမေရိကန်သမိုင်းမှာ လူထိခိုက်သေဆုံးမှု အများဆုံး ပစ်ခတ်မှု ၁၀ ခုထဲက ၃ ခုဟာ လွန်ခဲ့တဲ့ ၅ လ အတွင်းမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံး ပစ်ခတ်သတ်ဖြတ်မှုမှာတော့ အသက် ၁၄ နှစ်ကနေ ၄၉ နှစ်အရွယ်အထိ ကျောင်းသား ၁၄ ယောက်နဲ့ ဆရာ ၃ ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီအထဲမှာ လူသိများတဲ့ ဘောလုံးနည်းပြတယောက်နဲ့ စာသင်ခန်းတံခါးဝမှာ ရပ်နေရင်း ကျောင်းသားငယ်တယောက်ရဲ့ အသက်ကို ကယ်ဆယ်လိုက်နိုင်ခဲ့တယ်လို့ ဆိုရမယ့် ပထဝီဆရာ တယောက်လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီလို စာသင်ကျောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်တာဟာ အဆန်းမဟုတ်တော့ဘူးလို့ ပြောရမှာ ဖြစ်ပေမယ့် ဖြစ်သင့်တဲ့ အရာတခု မဟုတ်သလို ဒီလို ကြေကွဲစရာ အဖြစ်ဆိုးမျိုးတွေ ထပ်ပြီးမဖြစ်ပွားရအောင် အစိုးရက ကာကွယ်တားဆီးမှု လုပ်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာ လက်နက် တို ရှည်တွေကို အလွယ်တကူ ဝယ်ယူလို့ ရနေတဲ့ကိစ္စ၊ လက်နက်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်ဖို့ တနည်းနည်းနဲ့ ထိန်းချုပ်ကန့်သတ်တဲ့ ကြိုးစားမှုတခုခု ပေါ်ပေါက်လာတိုင်း ကြားက ဝင်ရောက်ကန့်ကွက်ဖို့ အရှိန်သြဇာသုံးလေ့ရှိတဲ့ အမေရိကန် အမျိုးသားရိုင်ဖယ်အသင်းကြီးက ရှိနေတော့ ခုချိန်ထိ လက်နက် ရောင်းချ၊ ဝယ်ယူကိုင်ဆောင်မှုတွေကို စနစ်တကျ ကိုင်တွယ်ထိန်းချုပ်မှု မလုပ်နိုင်သေးဘူးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကို အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လတ်စ်ဗီးဂတ်စ် အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျနော်ရေးသားခဲ့တဲ့  “ထိတ်လန့်ချောက်ချားစရာ လတ်စ်ဗီးဂတ်စ် ပစ်ခတ်မှု၊ အမေရိကန်နဲ့ သေနတ်” ဆောင်းပါးမှာ ကျနော်ရေးခဲ့တဲ့ အပိုဒ်ကလေးနဲ့ပဲ အခုဆောင်းပါးကိုလည်း နိဂုံးချုပ်လိုက်ပါရစေ။

နောက်ထပ် အရေးကြီးတဲ့ အချက်တခုကတော့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပျက်ခဲ့ပြီးဖြစ်တဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်တိုင်း လက်နက်တွေကို ပိုပြီးထိန်းချုပ်ဖို့ ဥပဒေပြင်ဆင်ဖို့ အောက်လွှတ်တော်မှာ ကြိုးစားတဲ့အခါတိုင်း ကန့်ကွက်ခဲ့တဲ့ အမျိုးသားရိုင်ဖယ်အသင်းကြီးအနေနဲ့ ရန်ပုံငွေတွေ ပိုရှာဖွေပြီး ဥပဒေပြင်ဆင်ရေးကို ကန့်ကွက်ဖို့ အောက်လွှတ်တော်အမတ်တွေကို စည်းရုံးသိမ်းသွင်း ကန့်ကွက်တာမျိုးတွေ ဆက်မလုပ်ဘဲ အတိုင်းအတာတခုအထိ ပိုပြီးတင်းကျပ်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လက်ခံလိုက်ဖို့ သဘောထားတွေကို နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ပြောင်းလဲကြဖို့ လိုအပ်နေပြီလို့ ပြောရမှာပါပဲ။          ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013