DVB Logo
Home
မြန်မာသတင်း
ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ထောင်မည်
DVB
·
February 19, 2018
ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ထောင်မည်
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ရဲ့ ဆက်စပ်တည်ရှိနေတဲ့ ကြိုးဝိုင်းဧက ၁ သိန်းကျော်အတွင်းမှာ ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် တည်ထောင်သွားဖို့ ရှိနေပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန စီမံခန့်ခွဲမှုအောက်တွင် ကျရောက်ပါဝင်တဲ့ မြေကို ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအမည်နဲ့ သဘာဝနယ်မြေအဖြစ် ဖွဲ့စည်းတည်ထောင်ဖို့ ရည်ရွယ်တယ်လို့  ရေးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“မြေပြင်ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်၊ သစ်တောဧရိယာအဖြစ် သတ်မှတ်ပြီးဖြစ်လို့ ဒီနေရာကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖို့ ကြေညာလိုက်ပြီ။ အဲဒီမှာရှိတဲ့ ကျေးရွာတွေအားလုံးကိုပါ။ ကေအန်ယူနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ အကျိုးရလဒ်အနေနဲ့ အဲဒီမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် ဂေဟစနစ်တွေ ကောင်းလာမယ်။ ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အဆင်ပြေမယ်။ လက်ရှိအကျိုးကိုလည်း ဆုတ်ယုတ်မှု မရှိစေဘူး။ တောကိုလည်း အနားပေးထားတဲ့အတွက် ရာသီဥတု ကောင်းတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်မယ်၊ ရေကြီး မြေပြိုမှုတွေလည်း နည်းသွားမယ်။”

အဲဒီ ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဧရိယာအတွင်း မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးချောင်းကြိုးဝိုင်းအတွင်းရှိ ၄၇၃၅၃ ဧကနဲ့ ဆက်စပ်နေတဲ့ ကရင်ပြည်နယ်အပိုင်း အပါအဝင် ဧကပေါင်း ၁၁၀၅၈၀ ဧကရှိမှာဖြစ်ပါတယ်။

ဒီနယ်မြေထဲမှာ ဒေသခံတွေ စိုက်ပျိုးထားတာတွေ ရှိပါက သစ်တောဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ အသိပညာပေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဦးစီးအရာရှိ ဦးစိုးဝင်းက “ဒေသခံတွေ စိုက်ပျိုးထားတာ ရှိခဲ့မယ်ဆိုရင် သစ်တောဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရင် ဘယ်လောက်က စိုက်ထားလဲ၊ လက်ရှိဒေသခံတွေနဲ့ ပေါင်းစပ်ပြီး အဆင်ပြေအောင် စီစဉ်ပေးရမှာပေါ့” လို့  ပြောပါတယ်။

ဆေးတောင်ဒေသဟာ ထိန်းသိမ်းသင့်တဲ့နေရာတခုဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာနိုင်မယ့် နေရာတခုလည်း ဖြစ်လာနိုင်မယ်လို့လည်း ဆိုပါတယ်။

အဆိုပါနယ်မြေထဲမှာ တောဝက်၊ ဂျီ၊ ကျားသစ်၊ ဆတ်၊ ကျား စတဲ့ တိရစ္ဆာန်တွေ၊ ကညင်၊ သင်္ကန်း၊ ကတွတ်၊ ကတွတ်နီ၊ ပျဉ်းကတိုး စတဲ့သစ်ပင်တွေ၊ ပရဆေးပင်တွေအဖြစ် ကရဝေး အပါအဝင် ရစ်ဇနီ စတဲ့ ဂမုန်းတွေနဲ့ ဆေးဖက်ဝင်အပင်တွေ၊ ငှက်မျိုးစုံ ရှိတယ်လို့ ရေးမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013