လက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များ ဒဏ်ရာရပါက ဆေးကုမပေးရန် မူဆယ်တွင် ညွှန်ကြား

လက်နက်ကိုင်အဖွဲ့တွေက တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရလာရင် လက်ခံဆေးမကုပေးဖို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားပါတယ်။
မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆေးရုံအုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို ဒီလထဲမှာ စာနဲ့ပေးပို့ညွှန်ကြားထားတာပါ။ အဲဒီစာမှာ ခရိုင်အုပ်ချုပ်ရေးရုံးက ကြေးနန်းနဲ့ အကြောင်းကြားလာတယ်လို့ ရည်ညွှန်းဖော်ပြထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနယ်မြေထဲမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့မှု ဖြစ်နေပြီး ဒဏ်ရာရတာတွေ ရှိရင်လည်း တရုတ်နိုင်ငံကို သွားရောက် ကုသလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါမှာတော့ တခြားလက်နက်ကိုင်အဖွဲ့တွေကို လက်ခံဆေးကုမပေးဖို့ တရုတ်နဲ့ မြန်မာတို့ နိုင်ငံတော်အဆင့် သဘောတူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ဒဏ်ရာတွေနဲ့ ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာနတွေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးပေးခန်းတွေမှာ လာရောက်ကုသခဲ့ရင် သက်ဆိုင်ရာ ဌာနတွေ၊ တပ်ရင်း တပ်ဖွဲ့တွေကို အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်က “လူနာကတော့ ကျနော်တို့ဆီလည်း မရောက်ဘူးလေ။ သူ့ဟာသူ ဆေးရုံပဲ သွားတာကိုး။ ဆေးရုံကတော့ အကုန်ဆေးကုပေးတာပါပဲ။ ဆေးကုတာ၊ မကုတာကတော့ ဆရာဝန်တွေအပိုင်းဖြစ်တာပေါ့နော်” လို့ ပြောပါတယ်။
ဒဏ်ရာရတဲ့ အရပ်သားတွေကိုတော့ ဆေးရုံကို ကူညီပို့ဆောင်ပေးနေသလို ဆေးရုံကလည်း လက်ခံကုပေးတယ်လို့ မူဆယ်မြို့ လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မူဆယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာမျိုးဇော်က “အဲဒါက (အဲဒီစာမျိုးက) သူတို့လည်း ပုံမှန်ထွက်ရတယ် ထင်တာပဲဗျာ။ ရောက်တော့ရောက်တယ်။ ဘယ်လိုခွဲခြားနိုင်မှာလဲဗျာ။ ဆေးရုံဆိုတာက ကိုယ့်ပြည်သူ လူနာလာရင်တော့ ကုပေးရမှာပဲလေ။ သောင်းကျန်းသူ ဆိုတာကလည်း နဖူးမှာ စာကပ်လာတာမဟုတ်ဘူးလေ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ အရပ်သားတွေလည်း မကြာခဏ မိုင်းထိတာ၊ လက်နက်ကြီးထိမှန် ဒဏ်ရာရ သေဆုံးတာတွေ ရှိနေတာပါ။
အခုလို ညွှန်ကြားထားတဲ့စာ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။











