
ကလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ညအချိန် ရိုက်နက်လုရက်မှုတွေမှာ ကျူးလွန်သူတွေအနေနဲ့ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တွေ အသုံးပြုတာ များနေကြောင်း ကလေမြို့မ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
“ဖြစ်ပွားမှုတွေမှာ ညအချိန်ဆိုတော့ ပတ်ဝန်းကျင်အနေနဲ့ ဆိုင်ကယ်နံပါတ်မှတ်ထားချင်ပေမယ့် နံပါတ်ပြားတပ်မထားတာတွေကြောင့် အခက်အခဲဖြစ်တယ်။ အဲ့ဒါတွေကို ကာကွယ်ဖို့ ခရိုင်ရဲမှူး ညွှန်ကြားချက်နဲ့ ခုဆိုင်ကယ်တွေမှာ နံပါတ်ပြားအမှန် တပ်ဆင်အသုံးပြုကြဖို့ အသိပေးပညာပေးမှုတွေ ဆောင်ရွက်နေပြီ” လို့ ကလေးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။
ကလေးမြို့ပေါ်မှာ ညပိုင်းအချိန် ရဲတပ်ဖွဲ့နဲ့အတူ ပရဟိတအသင်းအဖွဲ့လူငယ်တွေပါ အားဖြည့်ကူညီနေတာကြောင့် ရိုက်နက်လုယက်မှု ဖြစ်ပေါ်ခဲ့ခြင်း မရှိတော့ပေမယ့် ဆက်ပြီး ကာကွယ်ဖို့အတွက် အခုလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်မောင်းနှင်ကြဖို့ ရဲတပ်ဖွဲ့နဲ့ ပရဟိတ လူငယ်တွေဟာ ပညာပေးမှုတွေ လုပ်ဆောင်နေကြပါတယ်။
"ကျနော်တို့ ပညာပေးမှုတွေ လုပ်နေတယ်။ အခုလို ပညာပေးမှုတွေ လုပ်ပြီးရင်တော့ နံပါတ်ပြားမတပ်ပဲ သုံးနေတဲ့ ယာဉ်တွေကို စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်တော့မှာပါ" လို့ ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတလူငယ်တွေ မြို့ညကင်းလှည့်မှုတွေ ပူးပေါင်းလုပ်ဆောင်နေပေမယ့် ပြီးခဲ့တဲ့ ၁၅ ရက်နေ့ညပိုင်းက ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆိုင်ကယ်စီး အမျိုးသမီး ၂ ဦး နှောင့်ယှက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်











