
မိတ္ထီလာခရိုင်အတွင်းက သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် ၄ မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စည်းကမ်းမဲ့အသံချဲ့စက် ဖွင့်သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအရ အရေးယူမယ်လို့ ဖေဖော်ဝါရီ ၁၇ နေ့မှာ မိတ္ထီလာခရိုင်ရုံးက ပြောပါတယ်။
ညောင်ဦးဖီးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆင့်က "အသံချဲ့စက်ဖွင့်ချင်ရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီ ၃ ရက်ကြိုပြီး ခွင့်ပြုမိန့် တောင်းရမယ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာရမယ်။ မနက် ၆ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်ရမယ်၊ ဖွင့်တော့လည်း ကြားရုံလေးပဲ ဖွင့်ရမယ်၊ အနှောက်အယှက်မဖြစ်စေရဘူး။ ဘာသာရေး သာရေး နာရေးတွေ အသံချဲ့စက်ဖွင့်ရင် သတ်မှတ်စည်းကမ်းအတိုင်း ဖွင့်မဖွင့် အုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်ပေးရမယ်။ စည်းကမ်းမဲ့ဖွင့်ရင် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၇ နဲ့ အမှုဖွင့်အရေးယူရမယ်။ ဥပဒေရှိနေတာကို အသံချဲ့စက်တွေ စည်းကမ်းမဲ့ဖွင့်ကြတယ်။ ပြည်သူတွေ အနှောင့်အယှက်ဖြစ်စေတယ်။ ကြီးကြပ်မှု၊ အရေးယူမှု အားနည်းနေလို့ ခရိုင်က ညွှန်ကြားလာတယ်၊ အခုအရေးယူရတော့မှာပါ” လို့ ပြောပါတယ်။
မိတ္ထီလာခရိုင်အတွင်း အသံချဲ့စက်ဥပဒေနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိအောင် ပညာပေးကာလအဖြစ် ဖေဖော်ရီ ၁၅ ရက်မှ မတ် ၁၅ ရက်နေ့အထိ ၁ လ သတ်မှတ်ပေးထားပါတယ်။
ပညာပေးကာလပြီးရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၂၇ အရ အရေးသွားမှာပါ။ စည်းကမ်းမဲ့အသံချဲ့စက်ဖွင့်သူကို အမြင့်ဆုံးပြစ်ဒဏ် ငွေ ၅၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး မဆောင်နိုင်ရင် ထောင်ဒဏ် ၇ ရက် ကျခံရမှာဖြစ်ပါတယ်။











