
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ အခမဲ့ ရုပ်သံလိုင်းတွေ ထုတ်လွှင့်ခွင့်ရတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဒီဗွီဘီ၊ မဇ္စျိမ မီဒီယာ၊ Fortune ကုမ္ပဏီ၊ ကောင်းမြန်မာအောင် တယ်လီမီဒီယာဟိုးလ်ဒင်းကုမ္ပဏီ၊ မိုင် မာလ်တီမီဒီယာ ဂရုပ် ကုမ္ပဏီတို့ဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်းမှာ အခမဲ့ရုပ်သံလိုင်းတွေ ထုတ်လွှင့်ခွင့် ရထားတာပါ။
ဒါဟာ ရုပ်သံထုတ်လွှင့်ခွင့် သီးသန့်လိုင်စင်အနေနဲ့ ရရှိတာ မဟုတ်ဘဲ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ထုတ်လွှင့်ခွင့်မှာ ပူပေါင်းဆောင်ရွက်ခွင့်ရတာ ဖြစ်ပါတယ်။
ဒီအတွက်လျှောက်ထားသူ ၄၀ ကျော်ရှိခဲ့ပြီး ဆန်ကာတင် ၁၀ ယောက်ထဲကမှ ရွေးချယ်လိုက်တာပါ။
ဒါဟာ ရုပ်သံဆိုင်ရာဥပဒေ မပြီးပြတ်သေးခင်မှာ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
မြန်မာ့အသံရဲ့ ရုပ်သံလိုင်းတွေ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိသူတွေဟာ ကနဦးဂြိုဟ်တု ဆက်ကြောင်း ငှားရမ်းခနဲ့ ထုတ်လွှင့်စက်တွေ တပ်ဆင်တာအတွက် ကျပ်သိန်း ၉၀၀ ကျော် ပေးသွင်းထားရပြီး ထုတ်လွှင့်တာအတွက်လည်း ရုပ်သံလိုင်းတခုကို တလမှာ ကျပ်သိန်း ၂၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။










