
တူရကီကလပ် ဖာနာဘာချီဟာ မန်စီးတီးအသင်းက နယ်သာလန်နောက်ခံလူ နေသန်အကီကို ခေါ်ယူလိုက်ပါတယ်။
သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၇ သန်းကနေ အပိုဆုကြေးတွေနဲ့ဆိုရင် ပေါင် ၈ သန်းခွဲအထိ ရှိနိုင်တာပါ။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အကီဟာ မန်စီးတီးမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၆ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ကစားချိန်အကန့်အသတ်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အကီဟာ မန်စီးတီးအတွက် ၆ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၇၇ ပွဲ ကစားခဲ့တာမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူခဲ့တာပါ။
အသင်းနဲ့ ဆုဖလားများစွာ ယူခဲ့တဲ့ အောင်မြင်မှု အမှတ်တရတွေကို အမြဲတမ်း တန်ဖိုးထားနေမှာပါလို့ အကီက ပြောပါတယ်။
အသင်းအတွက် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့တာကို ဂုဏ်ယူကြောင်းနဲ့ မန်စီးတီးဟာ သူ့အတွက် အမြဲတမ်း အထူးနေရာတခု ဖြစ်နေမှာပါလို့လည်း ဆိုပါတယ်။










