DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ချင်းတွင်းရတနာဈေးအနီး မီးရှို့ရန် ကြံစည်မှုဖြစ်ပွား
DVB
·
February 17, 2018
မုံရွာမြို့ ချင်းတွင်းရတနာဈေးအနီး မီးရှို့ရန် ကြံစည်မှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအနီး၊ အထက ၁ တိုက်တန်းက ဈေးဆိုင်ခန်း နံပါတ် ၂၉ နဲ့ ၃၀ ကြားမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်အစောပိုင်းက မီးရှို့ရန်ကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။

အမည်မသိလူ ၂ ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး စန်းသော်တာ ကွမ်းရောင်းဝယ်ရေးနဲ့ မလှလှ ကုန်စုံဆိုင်အကြား ဓာတ်ဆီပုလင်း ၂ လုံး၊ မီးတုတ် ၂ ချောင်းနဲ့ ပစ်ပေါက်ပြီး ထွက်ပြေးသွားတာကို ချင်းတွင်းရတနာဈေး ညစောင့်တွေက ပတ်ကင်းလှည့်ချိန်မှာ တွေ့ရှိခဲ့ပြီး ငြှိမ်းသတ်ခဲ့လို့ မီးမလောင်ခဲ့ပါဘူး။

မြို့နယ်စည်ပင်ဥက္ကဌ ဦးကျော်မျိုးဝင်းက "ချင်းတွင်းရတနာဈေးတော့ မဟုတ်ပါဘူး။.အထက ၁ တိုက်တန်းက ဈေးဆိုင်ခန်းတွေပါ။ ဈေးစောင့်တွေက တာဝန်အတိုင်း ပတ်ကင်းလှည့်ချိန်မှာ တွေ့ခဲ့လို့ တော်သေးတာပေါ့။ ဈေးစောင့်တွေသာမတွေ့ရင် မတွေးရဲစရာဘဲ။ အရင်က ဈေးတွေမီးလောင်တိုင်း ရှို့မီးလို့ပြောရင် လုပ်ကြံပြောတာပဲထင်ခဲ့တာ၊ အခုမှ တကယ်ဆိုတာ သိရတော့တယ်။ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်။ မြို့ထဲ အဓိကဈေးကြီးတွေမှာတော့ ပုံမှန်ဈေးစောင့်တွေ နေ့ညထားတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကတောင် မီးသတ်၊ စည်ပင်ပူးပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်တာတွေလည်း လုပ်ထားပါတယ်။ ဈေးပတ်ဝန်းကျင်မှာလည်း ရေတိုင်တွေ၊ မီးစက်တွေထားရှိပါတယ်။ ပေါ့ဆမီး၊ ဝါယာရှော့တွေမဖြစ်ဖို့လည်း လျှပ်စစ်ဌာနနဲ့ လိုက်လံစစ်ဆေးတာတွေပြုလုပ်ပြီးပါပြီ။ အခုလိုဖြစ်သွားတော့ မသမာသူတွေ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် အရင်ထက် ပိုမိုဂရုစိုက်မှရတော့မယ်"လို့ ပြောပါတယ်။

ဒီကိစ္စအပါအဝင် မုံရွာမြို့မှာ ခိုးဆိုးလုနှိုက်တွေ ထူပြောလာတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက တိုင်းအစိုးရ လုံ/နယ် ဝန်ကြီးနဲ့သွားတွေ့ပြီး တိုင်ပင်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လုံ/နယ်ဝန်ကြီးကတော့ လုပ်ပိုင်ခွင့်အပြည့်အဝမရှိတဲ့အကြောင်း၊ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ့်အကြောင်း၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှရမယ့်အကြောင်းတွေကို ပြောဆိုခဲ့ပါသေးတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေအနေနဲ့လည်း နေ့ခင်းကော၊ ညမှာပါ အင်အားတိုးမြှင့်ကာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့မစခန်းမှုး ဒုရဲမှူးကြင်စိန်က "အမှုတော့ဖွင့်ထားတယ်။ လောလောဆယ်မှာ စုံစမ်းနေတယ်။ ပုံမှန်ထက်အင်အားတိုး ဆောင်ရွက်နေတယ်။ ပြည်သူတွေအနေနဲ့လည်း ကြားသိရတဲ့ သတင်းတွေကို မကြောက်မရွံ့ လာရောက်ပြောဆိုစေချင်ပါတယ်။ သတင်းပေးသူတွေရဲ့ လုံခြုံရေးအတွက်လည်း နာမည်တွေ လျှို့ဝှက်ထားပေးမှာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့သာ တိုက်တွန်းလိုပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။

အထက ၁ တိုက်တန်း ဈေးဆိုင်ခန်းတွေကို မီးရှို့ရန်ကြံစည်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းမှာ အခြားအမှု (ပ)၁၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၅ သ/ ၁၁၄ နဲ့ အမှုဖွင့်ထားကာ တရားခံဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013