DVB Logo
Home
မြန်မာသတင်း
၂ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို သေဒဏ်ပေးရေး ဆန္ဒပြမည်
DVB
·
February 17, 2018
၂ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို သေဒဏ်ပေးရေး ဆန္ဒပြမည်
Donate to DVB

အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မကျင့်ခံရပြီး သေဆုံးသွားလို့ ကျူးလွန်သူကို သေဒဏ်ပေးဖို့နဲ့ သက်ငယ်မုဒိမ်းမှုတွေအတွက် သေဒဏ်ဥပဒေပြဋ္ဌာန်းပေးဖို့ မနက်ဖြန် မတ္တရာမြို့မှာ ဆန္ဒဖော်ထုတ်သွားမယ်လို့ စီစဉ်သူက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့အဝင်ဒင်္ဂါးချောင်းကနေ မိုးကုတ်ကားလမ်းအတိုင်း လှည့်လည်ပြီး မတ္တရာ ဟစ်တိုင်ကွင်းကို သွားရောက်မယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် ရဲမှူးရုံးက ရဲအုပ် မျိုးတင့်က “မနက် ၇ နာရီ လူစုမယ်ပေါ့ဗျာ။ မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ မြို့တွင်းလှည့်လည်ဆန္ဒပြဖို့ တင်ပြထားပါတယ်။ လူဦးရေကတော့ ၁၅၀၀ ပါ” လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းပပျောက်ရေး၊ သက်ငယ်မုဒိမ်း တရားခံ ဖြိုးထက်အောင်ကို သေဒဏ်ပေးရေး၊ သက်ငယ်မုဒိမ်းအတွက် သေဒဏ်ပေး ဥပဒေပြဋ္ဌာန်းရေး၊ တရားဥပဒေစိုးမိုးရေး အချက်တွေကို တောင်းဆိုသွားမယ်လို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တင်ပြထားပါတယ်။

တင်ပြထားတဲ့ လူဦးရေထက် ပိုများဖို့ ခန့်မှန်းထားတယ်လို့ ဦးဆောင်စီစဉ်သူ ကိုကျော်ကျော်က ပြောပါတယ်။

“ဒီတယောက်တည်းအတွက်တင်မဟုတ်ပါဘူး။ ကလေးတွေအားလုံးအတွက် တောင်းဆိုတာပါ။ ခုချိန်ထိတော့ ဆန္ဒဖော်ထုတ်ဖို့ မလာဘူး ပြောတာ မကြားသေးပါဘူး။ အားလုံးက လာမယ်လို့ပဲ ပြောကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြတောင်းဆိုဖို့လည်း လက်မှတ် ကောက်ခံသွားမှာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က မတ္တရာမြို့နယ် ရေချောင်းဘိုရွာမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မကျင့်ခံရပြီး သေဆုံးသွားတာပါ။

ဝန်စုရွာကို ထင်းလာခုတ်တဲ့ မြွေကူတို့ဆိပ်ရွာက လင်မယားနှစ်ယောက်ဟာ သမီးငယ်ကို ရွာထဲက အိမ်တအိမ်မှာ အပ်ခဲ့ပြီး အနားက တောတန်းမှာ ထင်းသွားခုတ်နေခဲ့ပါတယ်။ အဲဒီနောက် ကလေးပျောက်နေတယ်ဆိုတာ သိရလို့ ရွာသားတွေနဲ့အတူ လိုက်ရှာဖွေခဲ့ပြီး ရေချောင်းဘိုရွာနားက ငှက်ပျောစိုက်ခင်းနားမှာ အသက် ၂၅ နှစ်အရွယ်၊ ဝန်စုရွာသား ဖြိုးထက်အောင်က အဓမ္မ ကျင့်ကြံနေတာကိုတွေ့လို့ အော်ဟစ်ရာမှာ ဖြိုးထက်အောင် ထွက်ပြေးသွားခဲ့ပါတယ်။

ကလေးကို မတ္တရာဆေးရုံကိုပို့ပေမယ့် နာရီဝက် အကြာမှာပဲ သေဆုံးသွားတာပါ။ အဲဒီနောက် မန္တလေးဆေးရုံကြီးကိုပို့ပြီး ခွဲစိတ်စစ်ဆေးရာမှာတော့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူကိုလည်း ဖမ်းမိထားပြီး ရေနံ့သာနယ်မြေစခန်းမှာ မုဒိန်းမှုနဲ့ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013