
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ဟာ နှေးကွေးနေပြီး နောက်ပြန်လှည့်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ ငါးရက်ကြာလေ့လာရေးခရီးစဉ်အပြီးမှာ မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဥရောပလွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်မှုဆိုင်ရာ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေ၊ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ကော်မတီဝင်တွေနဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွေကို သွားရောက်လေ့လာပြီး သတင်းစာရှင်းလင်းခဲ့တာပါ။
ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စဉ်ဟာ နှေးကွေးနေပြီး လက်ရှိအခြေအနေဟာ ရည်မှန်းချက်ကို ရောက်မယ်လို့ ယုံကြည်စိတ်မချနိုင်ဘဲ အတိတ်ကို ပြန်ရောက်နိုင်တဲ့ အန္တရာယ်တရပ်ရှိနေတယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Pier Antonio Panzeri က “ဥရောပလွှတ်တော်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံကို ငါးရက်တာ လာရောက်လည်ပတ် ကြည့်ရှုအပြီးမှာ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေဟာ မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှား ယိုယွင်းပျက်စီးနေပြီး မတူကွဲပြားတဲ့ လူနည်းစုတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ လူမျိုးစုဆိုင်ရာနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အုပ်စုတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ သတင်းသမားတွေကို ထိခိုက် သက်ရောက်နေတာကြောင့် ကျနော်တို့ အနေနဲ့ အဲဒီစိုးရိမ် ပူပန်တာတွေကို မဖယ်ရှားနိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်သွားမှာ ဖြစ်ပြီး ကဏ္ဍတိုင်းမှာ တိုက်တွန်းအားပေးတာတွေနဲ့ တားဆီးကန့်ကွက်တာတွေသာမက အခြေအနေတွေအပေါ် အခြေပြုတဲ့ မူဝါဒသစ်တွေလည်း ချမှတ်သွားမယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတွင်းက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို ထိရောက်တဲ့ စောင့်ကြပ် ထိန်းကွပ်တာလုပ်ဖို့၊ ရခိုင်ပြည်နယ်ကို အတားအဆီးမဲ့တဲ့ လူသားဆိုင်ရာ အထောက်အပံ့တွေ လုပ်နိုင်ဖို့၊ နိုဝင်ဘာ ၂၃ သဘောတူညီချက်ကို UNHCR ရဲ့ ခိုင်မာတဲ့ ပါဝင်ဆောင်ရွက်နိုင်မှု အပါအဝင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ နိုင်ငံကင်းမဲ့သူတွေရဲ့ ပြဿနာကို ပြေလည်စေမယ့် ရှုထောင့်အမြင်နဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်မွမ်းမံဖို့၊ ရခိုင်ပြည်နယ်ထဲက ဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်မယ့် ကော်မတီတရပ်ဖွဲ့ဖို့ အချက် ၄ ခုကို အဆိုပြုခဲ့ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က မနက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။











