DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာလုပ်သား ၅၀ ကျော်ပါသည့် ဘတ်စ်ကားမီးလောင်၊ ယာဉ်မောင်းသေဆုံး
DVB
·
February 16, 2018
မဲဆောက်တွင် မြန်မာလုပ်သား ၅၀ ကျော်ပါသည့် ဘတ်စ်ကားမီးလောင်၊ ယာဉ်မောင်းသေဆုံး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မနေ့မနက်ပိုင်းက မြန်မာလုပ်သား ၅၀ ကျော် လိုက်ပါလာတဲ့  ဘတ်စ်ကားတစီး မီးလောင်ပြီး ယာဉ်မောင်းသူ သေဆုံးသွားတယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မှ တာ့ခ်သွားလမ်းပေါ်ရှိ မယ်ပအုပ်စု ဘန့်ဟွေ့တွေရွာအပိုင် တောင်ပေါ်လမ်းမှာ မော်တော်ယာဉ်မီးလောင်ပြီး လူသေဆုံးသူရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် မီးသတ်ကား၊ လူနာတင်ကားတွေနဲ့အတူ အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲဆောက်မြို့မရဲစခန်း တာဝန်ကျဒု-ရဲအုပ် ကျီရဆဒ် ဆွန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်သွားတဲ့အချိန်မှာ ခရီးသည်တင်ဘတ်စ်ကားတစီးက ၁၈ ဘီး ကုန်တင်ကားကြီးတစီးကို အနောက်ကနေ ဝင်တိုက်ထားပြီး ခရီးသည်တင်ကား စတီယာရင်မှာ သေဆုံးနေတဲ့ အသက် ၆၀ နှစ်ရွယ် ယာဉ်မောင်းသူကို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားထဲပါလာသူ မြန်မာအလုပ်သမားတွေ ပြောပြချက်အရ သူတို့စီးနေတဲ့ကားဟာ တောင်စောင်းအဆင်းနားအရောက် ပေါက်ကွဲသံကြားပြီး မီးခိုးငွေ့တွေ ထွက်လာကြောင်း၊ ကားမောင်းသမားကတော့ အရေးပေါ်မီးသတ်ဘူးနဲ့ မီးငြှိမ်းဖို့ ကားရပ်လိုက်တဲ့အခါ သူတို့အားလုံး ကားပေါ်ကနေ ပြေးဆင်းခဲ့ပြီး ဘေးလွတ်ရာမှာ ရှောင်နေတယ်လို့ ပြောပါတယ်။

ဆယ်မိနစ်လောက်အကြာမှာ ကားက ကုန်းပေါ်ကနေ တအိအိလိမ့်ဆင်းသွားလို့ ကားမောင်းသမားက ကားပေါ်အမြန်တက်ပြီး စတီရာရင်ကို ထိန်းကိုင်ခဲ့ကြောင်း၊ ဒါပေမယ့် အရှေ့ ကုန်းအဆင်းမှာ တဖြည်းဖြည်းမောင်းနေတဲ့ ၁၈ ဘီးကားကို အရှိန်နဲ့ ဝင်တိုက်မိကာ ကားသမားက ယာဉ်နှစ်စီးကြားညပ်ပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက် ၆၀ နှစ်ရွယ် ထိုင်းလူမျိုး နိုင်းဆမ်ရန်း ဒုန်းဆအတ် ဆိုသူဖြစ်ကာ သူမောင်းတဲ့ကားက တော်တော်ဟောင်းနေပြီး လမ်းခရီးမှာ ကားသံ ကျယ်လောင်နေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013