DVB Logo
Home
မြန်မာသတင်း
အရေးပေါ် ထပ်ဆင့်စစ်ရှောင်နေရသည့် ကရင်နီဒေသခံ ၁,၀၀၀ ကျော်အတွက် အကူအညီလိုအပ်
မောရစ်
·
May 19, 2026
Photo: CTER - Karenni
Photo: CTER - Karenni
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ကြောင့် အရေးပေါ် ထပ်ဆင့် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော်အတွက် မိုးကာ၊ စားနပ်ရိက္ခာနဲ့ ကိုယ်ဝန်ဆောင်တွေ အတွက် မီးဖွားဖို့ အကူအညီတွေ လိုအပ်နေပါတယ်။

ဖရူဆိုမြို့နယ်ထဲက ပရယ်တော်နဲ့ ထားလဲကျေးရွာကနေ လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ မေ ၈ ရက်မှာ စစ်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာပါ။

အိမ်ခြေ ၁၄၀ ကျော်နဲ့ လူဦးရေ ၆၅၀ ကျော်ဟာ ဘာပစ္စည်းမှ ယူဆောင်နိုင်တာ မရှိဘဲ အသက်လု အရေးပေါ် ထွက်ပြေးခဲ့ရသလို ထွက်ပြေးချိန်မှာ ဒေသခံပြည်သူတယောက် စစ်တပ်ရဲ့ ပစ်သတ်တာ ခံခဲ့ရပါတယ်။

လက်ရှိ နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ သွားကူဖို့ ကြိုးစားနေကြပေမဲ့ တိုက်ပွဲတွေနဲ့ လမ်းခရီးအခြေအနေတွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတယောက်က DVB ကို ပြောပါတယ်။

“အဓိကကတော့ ဆန်နဲ့ မိုးကာပါပဲ လိုအပ်တာကတော့။ အခုက တစုတစည်းတည်း မဟုတ်ဘူး၊ အကုန်လုံး ပြန့်နေတာ။ တချို့တွေက ဘယ်နားရောက်နေမှန်းလည်း သူတို့တွေ ချိတ်ဆက်မရသေးဘူး ဖြစ်နေတယ်။”

စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပေမဲ့ အနီးအနားမှာပဲ ရှိနေသေးတာကြောင့် စစ်ရှောင်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့်  တောထဲမှာ ပိတ်မိနေတဲ့ စစ်ရှောင်တချို့ ကျန်နေသေးသလို မွေးခါနီး ကိုယ်ဝန်သည်လည်း ရှိနေပါသေးတယ်။

တောထဲမှာ မီးဖွားရမှာ စိုးရိမ်တာကြောင့် ဆေးရုံနဲ့နီးစပ်ရာ စစ်ရှောင်စခန်းကို ပြေးလာရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ကလည်း သူရဲ့ အခက်အခဲကို အခုလို ရင်ဖွင့်ပါတယ်။

“ရုတ်တရက်ကြီး ရောက်လာတာဆိုတော့ ဘာမှလည်း မပါလာတော့ဘူးလေ။ ထမင်းအိုးတွေကော ဆန်တွေကော နေ့လယ်ထမင်းစားဖို့တောင် မယူလာခဲ့ရဘူး။ လိုအပ်တာရှိရင် အမျိုးတို့အိမ်မှာပဲ အားကိုးနေရတယ်။ ကလေးအနှီးတွေလည်း ဘာမှမပါလာဘူး။ တောထဲမှာမီးဖွားရင် အဆင်မပြေမှာစိုးလို့ ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်စိတ်ရှိနေတုန်း ကယ်ဆယ်ရေးအဖွဲ့နဲ့ တိုးတဲ့အခါ ဒီဘက်ကို လာလိုက်တာရှင့်။”

လတ်တလောမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးသူတွေက ဝိုင်းဝန်းပံ့ပိုးနေပေမဲ့ လူဦးရေ များပြားတာကြောင့် အမိုးအကာနဲ့ ရိက္ခာ လိုအပ်ချက်က ကြီးမားနေဆဲ ဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ စစ်ရှောင်တွေ နေရာချထားရေး လုပ်ဆောင်ပေးနေပေမဲ့ စစ်တပ်ရဲ့ ရန်ပြုမှုတွေကြောင့် ရိက္ခာပြန်ယူဖို့ ခက်ခဲနေတယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင်က ပြောပါတယ်။

“စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်ချက် နည်းနည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားနပ်ရိက္ခာတွေ ပြန်ယူလို့မရတဲ့ ပြဿနာတွေပေါ့။ ရုတ်တရက် ထရှောင် ထပြေးပြီးတော့မှ တချို့ စခန်းကို ပြန်တဲ့အချိန်မှာလည်း ဖမ်းဆီးပစ်သတ်ခံခြင်း ခံခဲ့ရတာမို့ အဲဒါ အခက်အခဲရှိတယ်ပေါ့။ အမိုးအကာတော့ ဝိုင်းကြိုးစားကြတာ နည်းနည်းပါးပါး ဝိုင်းပြီးတော့ ပေးတာ ရှိတယ်ပေါ့။ ဒါပေမဲ့ အဲ့လိုအပ်ချက်တော့ ဆက်ရှိနေတယ်။ လောလောဆယ် အခုတော့ တချို့နေရာတွေမှာ ပြန်ပြီးတော့ နေရာချထားရေးတွေတော့ လုပ်နေပြီ။”

လက်ရှိ ကရင်နီပြည်နယ်အတွင်းမှာ စစ်တပ်က မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖားဆောင်း စတဲ့ မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူဦးရေဟာလည်း တရက်ထက်တရက် ပိုမိုတိုးပွားလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013