DVB Logo
Home
မေးမြန်းခန်း
အကြောက်တရားတွေ ကြီးစိုးတဲ့အတွက် ရပိုင်ခွင့်တွေကို ပြောဆိုဖို့ ခက်ခဲနေ
DVB
·
May 14, 2012
အကြောက်တရားတွေ ကြီးစိုးတဲ့အတွက် ရပိုင်ခွင့်တွေကို ပြောဆိုဖို့ ခက်ခဲနေ
Donate to DVB

ခေတ်အဆက်ဆက်မှာ ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူလူထုက အခုအချိန်မှာ အပြောင်းအလဲတွေ ဖြစ်နေတဲ့ အတွက် ပြည်သူအများစုက အဲဒီ အပြောင်းအလဲတွေကြားထဲမှာ သူတို့ ဘယ်လို လိုက်ပါဆောင်ရွက်သင့်သလဲဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေ ကို မေးကြတယ်လို့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။

[caption id="attachment_24913" align="alignleft" width="300" caption=" ကိုပြုံးချို"][/caption]

မြန်မာပြည်သူတွေ အကြောက်တရား ကနေ ဘယ်လိုရုန်းထွက်ကြမလဲ။ လူမှုအခြေပြု အဖွဲ့အစည်းတွေ အများအပြားပေါ်ထွန်းဖို့ ကြိုးစားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားေ ခါင်းဆောင်တွေ လုပ်ဆောင်နေတာ နဲ့ပတ်သက်ပြီးတော့ ကိုပြုံးချိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုပြုံးချိုတို့ လုပ်နေတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း လုပ်လာတာ များလာပြီ၊ ဘာများတွေ့ကြုံခဲ့ရလဲ။

“လုပ်ရတာ မြို့ခံတွေနဲ့ ကျနော်တို့ ရဲ့ကြားမှာ ပွင့်ပွင့် လင်းလင်း ဆွေးနွေးဖြစ် တယ်၊ ပြီးတော့ သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ခေတ်အဆက်ဆက်မှာ သူတို့ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့တာတွေ ဒါတွေက ဒီအချိန်မှာ အပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ရောက်တဲ့အချိန်မှာ သူတို့ ဘယ်လို လိုက်ပါစည်းရုံးရမလဲ၊ ဘာတွေကို အဓိက ဇောင်းပေးလုပ်ရမလဲ၊ ဆိုတာနဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သူတို့သိချင်ကြတယ်။ နောက်ပြီးတော့ သူတို့ဘယ်လို ဆက်လုပ်ဖို့ သင့်မလဲဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဆွေးနွေးဖြစ်တာများတယ်။”

ကိုပြုံးချိုတို့ အခုလုပ်ခဲ့ကြတာ၊ အဲဒီအပေါ်မှာ ပြန်သုံးသပ်မယ်ဆိုရင် ဘယ်လိုသုံးသပ်လို့ ရမလဲ။

“အမှန်မှာတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ အခွင့်အရေးတွေ ပိတ်ပင်ထားတဲ့အခါ ပြည်သူတွေက အခွင့်အရေးတွေ ဆုံးရှုံးလို့ ဆုံးရှုံးမှန်းကို အချိန်ကာလတခုအရ လွှမ်းမိုးမှုကြောင့် နစ်နာခဲ့တာတွေ၊ ဒါတွေကို သေချာပြန်မဖော်ထုတ်နိုင်တာ တွေ့ရတယ်။ တချို့နေရာတွေမှာကျတော့ အကြောက်တရားကြီးစိုးမှု များလာတဲ့အခါကျတော့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တဦးချင်းပြောဖို့ဆိုတဲ့ ကိစ္စတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိတယ်။ ကျနော်တို့ ရောက်တဲ့အခါကျတော့ ဒီအချက်အလက်တွေကို လူ့အဖွဲ့အစည်းထဲမှာ တင်ပြီး ဆွေးနွေးနိုင်အောင်ရယ်၊ နောက်ပြီး ဒီပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုရဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုရှိလဲဆိုတာ၊ နိုင်ငံသားတွေ မူလအခက်အခဲက ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့က ပြောပါများလာတဲ့အခါ သူတို့လည်း ဒီဟာကို ရှင်းရှင်းလင်းလင်း သိလာခဲ့တယ်။ သိလာပြီးတော့ ကိုယ့်ရဲ့အ၀န်းအ၀ိုင်းနဲ့ ကိုယ့်အဖွဲ့အစည်းလေး ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ အနေအထားတွေကို ကြိုးပမ်းကြဖို့ သူတို့နဲ့ ဆွေးနွေးခဲ့ကြတယ်။”

ကိုယ်ပိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ အတွက် အခုက စစ် အစိုးရတော့ မဟုတ်တော့ဘူး၊ အရပ်သားလို့ ပြောလို့ရတဲ့ အစိုးရတရပ်လည်း ဖြစ်တဲ့အခါကျတော့ ဘယ်လောက်ထိ ဖွဲ့စည်းနိုင်မယ် လို့ မျှော်လင့်လို့ ရမလဲ။

“ကျနော်တို့က ဒါကို ရတဲ့အချိန်တိုင်းမှာ ရသလောက်အချိန်ပေးပြီး သွားကြတယ်။ သူတို့တွေရဲ့ နဂိုသွားနေတဲ့ ပုံသဏ္ဌာန်နဲ့ နဂိုအရှိန် ဘယ်လောက်ရှိလဲ ဆိုတာပေါ် မူတည်တယ်။ တချို့ဒေသတွေကျတော့ စလုပ်ရမယ်။ တချို့ဒေသတွေကျတော့ အစုအစည်းလေးတွေ ရှိတယ်။ အဲဒီကနေ လုပ်နည်းကိုင်နည်း ပုံစံလေးတွေကို မေးကြတယ်။ အဲဒီတော့ နေရာတခုနဲ့ တခုတော့ မတူဘူး။ တချို့ကျတော့လည်း စဖြစ်နေပြီ။ တချို့နေရာကျတော့ စဖို့တာဆူနေပြီ။ တချို့ကျတော့လည်း သူတို့ ကွန်မြူနတီနဲ့ အ၀န်းအ၀ိုင်းထဲမှာ ရှိတဲ့လူတွေ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြဖို့အတွက် လမ်းစတွေကို ရှာဖွေနေကြပြီ။”

အဖွဲ့အစည်းတခု ဖွဲ့မယ်ဆိုရင် ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ရမယ်၊ သူတို့ရဲ့ ပြန်ပြီးတော့မှ ခွင့်ပြုချက် ကို စောင့်ရမယ်။ လိုင်စင်နံပါတ်တွေ လိုတယ်လို့ အခြေအနေမျိုးတွေ ရှိတယ် ကြားရတယ်။ လက်ရှိ အခြေအနေကိုကော ဘယ်လိုပြောလို့ရမလဲ။

“လုပ်ထုံးလုပ်နည်းတွေတော့ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ လူသိအောင် အများကြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးဖို့လိုတယ်။ ဆိုလိုတာက အဖွဲ့အစည်းဖွဲ့တယ်။ ခွင့်ပြုချက်ရဖို့ တင်ထားတဲ့ကာလက အကြာကြီးဆိုလို့ရှိရင် လုပ်ရမယ့်လုပ်ငန်းတွေက မစောင့်နိုင်တော့ဘူး။ အဲဒီတော့ အလုပ်ဖြစ်ရေးကို အဓိက ထားပြီး ဦးစားပေးမယ်ဆိုရင် သူတို့ရဲ့ နစ်နာချက်တွေ၊ သူတို့လုပ်ချင်တဲ့ ဆန္ဒတွေ၊ နောက်ပြီး သူတို့မှာ ရရှိထားတဲ့ အ၀န်းအ၀ိုင်းလေးတွေကို စပြီးတည်ဆောက်ချင်ကြတဲ့ ဆန္ဒက ကြီးနေတယ်။ ဟိုဘက်မှာ တင်ထားပြီးတော့ ခွင့်ပြုချက်ရမှ လုပ်မယ်ဆိုရင် လုပ်ငန်းတွေ က နှောင့်နှေးနေမယ်။ တိုင်းပြည်အတွက် လိုအပ်ချက်တွေက အများကြီးရှိသေးတဲ့အတွက် ဘာပဲပြောပြော တတ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်လို့ရမယ့် အချိန်တွေကနေ စလုပ်ဖို့ ပိုသင့်တယ်။”

အခုဟာက အရပ်ဘက် အခြေပြု၊ လူထုအခြေပြု အဖွဲ့အစည်းတွေ လည်း မြန်မာပြည် မှာ နေရာ အနှံ့အပြားမှာ ပေါ်လာပြီဆိုရင် အဲဒါက ဘာအတွက်ကို ပိုအားကောင်းစေမလဲ။

“ဒီအချိန်မှာ ကျနော်တို့က နိုင်ငံရေး နည်းလမ်းအရ သွားနေတာကို ကြည့်မယ်ဆိုရင် လွှတ်တော်တွင်း နိုင်ငံရေးက တဖက်က သွားနေတယ်။ ဒါပေမယ့် လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေ၊ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသံတွေက တိုက်ရိုက် ရရှိဖို့ဆိုရင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းမှဖြစ်မယ်။ တချို့မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက လွှတ်တော်တွင်းမှာပဲ တခုတည်းနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အများကြီးပဲ။ နောက်တခုက လူထုအများစု ပါဝင်နိုင်မယ်ဆိုရင် တချို့အခက်အခဲတွေကို ကျော်လွှားတဲ့အခါမှာ ကျနော်တို့အားပါမယ်။ ဒါကြောင့်မို့ ကျနော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ဆိုရင် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာက ရလဒ်အဖြစ် ထွက်လာမယ်။”

ကိုပြုံးချိုတို့ လုပ်ခဲ့တာတွေထဲမှာ ဒေသအာဏာပိုင်တွေနဲ့ ပြဿနာ ဖြစ်ခဲ့တာမျိုးရှိလား။ ဘယ်လိုမျိုး ဆက်ဆံရေးတွေ ကြုံရတာမျိုး ရှိခဲ့သလဲ။

“နေရာဒေသ တော်တော်များများမှာတော့ အဆင်ပြေတယ်။ ကျနော်တို့အပေါ်မှာ တချို့လည်း တတ်နိုင်သမျှ တနိုင်တပိုင် ကူညီပေးတာတွေ့ရတယ်။ ဒါပေမယ့် တချို့နေရာလေးတွေကျတော့ နားလည်မှု လွဲချော်တာနဲ့ အုပ်ချုပ်မှု ပုံသဏ္ဌာန်ပြောင်းသွားတဲ့အပေါ်မှာ အခက်အခဲလေးတွေ တွေ့ရ တယ်။ အများစုအားဖြင့် ကြည့်မယ်ဆိုရင် အခုထက်ထိ သွားနေတဲ့ ပုံသဏ္ဌာန်ပေါ် မှာ ကြီးကြီး မားမား နှောင့်ယှက်တာ မရှိသေးပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013