DVB Logo
Home
မြန်မာသတင်း
ပုသိမ်တက္ကသိုလ် စာရေးအမျိုးသမီး အသတ်ခံရမှု ဖခင်ကိုယ်တိုင် သတ်ခဲ့ကြောင်း ဝန်ခံ
DVB
·
February 16, 2018
ပုသိမ်တက္ကသိုလ် စာရေးအမျိုးသမီး အသတ်ခံရမှု ဖခင်ကိုယ်တိုင် သတ်ခဲ့ကြောင်း ဝန်ခံ
1 / 2
Donate to DVB

ပုသိမ်တက္ကသိုလ် သင်္ချာဌာနက စာရေးအမျိုးသမီး မနီလာခိုင် နေအိမ်အတွင်းမှာ ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရမှုကို တလနီးပါးအကြာ ရဲတပ်ဖွဲ့ကနေ စစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဖခင် ဦးမောင်ပုကိုယ်တိုင်က သူ သတ်ခဲ့တာ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရေသိုးကန်ကျေးရွာမှာရှိတဲ့ ဦးမောင်ပုရဲ့ နေအိမ်က အိမ်သာထဲမှာ သမီးဖြစ်သူ မနီလာခိုင်ဟာ ဓားဒဏ်ရာများစွာနဲ့ သတ်ဖြတ်ခံခဲ့ရပြီးနောက် သင်္ဘောကျင်းနယ်မြေရဲစခန်းက နီးစပ်ဆက်နွှယ်သူတွေ မှုခင်း ကျူးလွန်ဖူးတဲ့ ဒေသခံတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဖခင်ဖြစ်သူ ဦးမောင်ပုကိုပါ ထပ်မံဖမ်းဆီးကာ မသင်္ကာစရာ အင်္ကျီ၊ ပုဆိုး၊ ရဲတင်း၊ ဓားမြှောင်များကို ဓာတုဗေဒနည်းနဲ့ စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ  ဦးမောင်ပုကိုယ်တိုင် ဝန်ခံထွက်ဆိုခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ဦးမောင်ပုနဲ့ မနီလာခိုင်တို့ သားအဖနှစ်ဦးဟာ ရေသိုးကုန်းကျေးရွာမှာ နေထိုင်နေသူတွေ ဖြစ်ပြီး အခင်းဖြစ်ညနေက ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက်မှာ ဝယ်ယူတဲ့ မြေကွက်ကိစ္စ စကားများတာကနေ ဦးမောင်ပုက အနားမှာရှိတဲ့ ငရုတ်ကျည်ပွေ့နဲ့ မနီလာခိုင် ဦးခေါင်းကို ထုခဲ့ပြီး သတိလစ်သွားချိန်မှာတော့ အိမ်ရေကပြင်ကို ပွေ့ချီခဲ့ပြီး ပန်းကန်စင်ပေါ်မှာ ထားတဲ့ ဓားမြောင်နဲ့ ရင်ဘတ်ကို ၆ ချက်ထိုးခဲ့ပြီး ထင်းခုတ်ရဲတင်းနဲ့ ထပ်မံပြီး ဦးခေါင်း၊ မျက်နှာ၊ နောက်ကျောတွေကို ခုတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုချက်တွေအရ သိရပါတယ်။

အဲဒီနောက် အလောင်းက သွေးတွေကို ရေစင်အောင်ဆေးပြီး အိမ်သာထဲ သွားရောက်ထားခဲ့ပြီးနောက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အသိပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ အမှုဖြစ်စဉ်တလျှောက်လုံး ရဲတပ်ဖွဲ့ စစ်ဆေးမှုကို ကူညီပေးခဲ့သူ ရေသိုးကုန်းရွာသား ဦးဌေးအောင်က ပြောပါတယ်။

“ကင်မလင်းကျွန်းမှာ ဝယ်တဲ့ မြေကွက်ကိစ္စ စကားများပြီး ငရုတ်ကျည်ပွေ့နဲ့ ခေါင်းကိုထုခဲ့ပြီး ဓားမြှောင်၊ ရဲတင်းတွေနဲ့ပါ ထိုးခုတ်ခဲ့တာလို့ သိရတယ်။ အခုလည်း သူ့သမီး မကျွတ်လွတ်မှာစိုးလို့ တလပြည့်လုပ်ခါနီး ဝန်ခံလိုက်တယ်လို့ ပြောတယ်။”

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ ရဲလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတဲ့အတွက် အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို လတ်တလော မထုတ်ပြန်နိုင်သေးဘဲ အချက်အလက် ပြည့်စုံပါက ထုတ်ပြန်ပေးသွားမယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးက ပြောပါတယ်။

ဝန်ခံထွက်ဆိုတာတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ သေဆုံးသူ မနီလာအောင်ကို ရည်စူးပြီး တလပြည့် အလှူကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က နေအိမ်မှာ ပြုလုပ်ခဲ့ပြီး လူသတ်မှု ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်ပုံကို သရုပ်ဖော်ပြသမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ဖြစ်စဉ်အရ ဦးမောင်ပုကို ပုသိမ်မြို့သင်္ဘောကျင်း နယ်မြေရဲစခန်းက(ပ) ၁၇/၂၀၁၈၊ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013