DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံရောက်ရှိ
DVB
·
May 14, 2012
တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံရောက်ရှိ
Donate to DVB

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ခ်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး တောင်ကိုရီးယား သမ္မတတဦးအဖြစ် လာရောက် လည်ပတ်နေပြီး တနင်္လာနေ့နှောင်းပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမယ် လို့ တောင်ကိုရီးယား ယွန်ဟတ် သတင်းမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယား သမ္မတဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပတဲ့  တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ပြီး မြန်မာနိုင်ငံကို  လာရောက် တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍအပါအ၀င် စီးပွားရေးနဲ့ ကုန်သွယ်မှုကိစ္စတွေ ပိုမို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ တောင်ကိုရီးယား ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွေ့အကြုံတွေ မျှဝေဖို့ ကိစ္စ ဆွေးနွေးကြမယ် လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံမှာ တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၁၀၀ လောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာဖြစ်ပြီး  နှစ်နိုင်ငံ ကုန်သွယ်မှုကတော့ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ လောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ၂၀၀၅ ခုနှစ်က ရပ်ဆိုင်းထား တဲ့ ချေးငွေအစီအစဉ်တွေ ကို ပြီးခဲ့တဲ့ သြဂုတ်လ က ပြန်ပေးမယ်လို့ ကြေညာထားပြီး နောင်အနာဂတ်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုမြင့်လာမယ် လို့  စီးပွားရေးသမားတွေက ခန့် မှန်းထားပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာသမ္မတက နေပြည်တော်မှာ ညစာစားပွဲနဲ့ ဧည့်ခံခဲ့ပြီး နောက်တနေ့မှာတော့ ရန်ကုန်ကို သွားရောက်ကာ  ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ မြန်မာပြည်ခရီးစဉ် လာရောက်နေတဲ့ ဒီရက်ပိုင်း အတွင်း ရန်ကုန်နဲ့ နေပြည်တော်မှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နေပြည်တော်မှာတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့တွေ ကင်းစောင့်နေတာနဲ့  ရဲကားတွေ အသွားအလာ များနေတာ ကို တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ သမ္မတ လီမြောင်ဘတ်ခ်ရဲ့ ခရီးစဉ်ဟာ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှန် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး ကတည်းက  နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားသမ္မတ တဦး လာရောက် လည်ပတ်မှု ဖြစ်ပါတယ်။

ထိုစဉ်က အာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယား သူလျိုတွေရဲ့ ဗုံးခွဲလုပ်ကြံမှုနဲ့ ကြုံတွေ့ရပြီး သမ္မတ ချန်ဒူးဝှန် အသက်ဘေးက လွတ်မြောက်သွားပေမယ့် အစိုးရ၀န်ကြီးတချို့ အပါအ၀င် တောင်ကိုရီးယား နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ရတာပါ။

ဒီ အဖြစ်အပျက်ကို အကြောင်းပြုပြီး မြန်မာက မြောက်ကိုရီးယားနဲ့ သံတမန် အဆက် အသွယ် ဖြတ်တောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်လောက်မှာ ပြန်လည် ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

အခုခရီးစဉ်မှာတော့ တောင်ကိုရီးယားဘက်က မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေး ပူးပေါင်းဆောင်ရွက် မှု ဖြတ်တောက်ဖို့ နည်းလမ်းတွေကို လည်း ဆွေးနွေးနိုင်တယ် လို့ တောင်ကိုရီးယား မီဒီယာတွေ မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013