DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် မြေငှားစာချုပ် အီတာလျံ-ထိုင်းကုမ္ပဏီနှင့်ချုပ်ဆိုမည်
DVB
·
February 15, 2018
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် မြေငှားစာချုပ် အီတာလျံ-ထိုင်းကုမ္ပဏီနှင့်ချုပ်ဆိုမည်
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းပိုင်းအတွက် မြေငှားစာချုပ်ကို အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ဧပြီလ မကုန်ခင်မှာ ချုပ်ဆိုကြဖို့ ရှိနေပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေနဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကို စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ပြီး ပြောင်းရွှေ့နေရာချထားမပေးမီ ကာလအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ရှိ၊ မရှိ မနေ့က အမျိုးသားလွှတ်တော်မှာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးဟန်ဝင်းသိန်း မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက “ကနဦး စီမံကိန်းအတွင်းရှိ ကျေးရွာနဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကို မကြာခင် ပြောင်းရွှေ့ နေရာချထားသွားမှာ ဖြစ်ပြီး ပြောင်းရွှေ့ နေရာချထားတဲ့ နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာ” လို့  ပြောပါတယ်။

ကနဦးစီမံကိန်းမှာ စီမံကိန်းလုပ်ငန်း ၉ ခု ပါဝင်ပြီး အီတာလျံ-ထိုင်း စုပေါင်းကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လထဲမှာ စာချုပ်တွေ ချုပ်ဆိုထားပေမယ့် လုပ်ငန်းတွေ မစတင်မီ နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမယ့် အချက်တွေဟာ အချိန်ပေးရမယ့် လုပ်ငန်းတွေ ဖြစ်တာကြောင့် ၂၀၁၈ ခုနှစ် ဧပြီလကုန်ထိ တိုးမြှင့်ဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကနဦး စီမံကိန်းလုပ်ငန်းပိုင်းအတွက် မြေငှားစာချုပ် ချုပ်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေ အကြံပေးတွေ ငှားပြီး ၂၀၁၈ ဧပြီမတိုင်ခင် အပြီးသတ်ချုပ်ပြီး Concession Agreement နဲ့အညီ မကြာခင် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ကနဦး စီမံကိန်းအကျယ်အဝန်း ၁၀၃၅၃ ဧကရှိပြီး လျော်ကြေးပေးရမယ့် ၉၈၉၅ ဧကအနက် ၉၁၂ ဒသမ ၆၅ ဧကအတွက် လျော်ကြေး ကျပ်သန်း ၇၄၈၇ ဒသမ ၄၁ ကို အီတာလျံ-ထိုင်း ကုမ္ပဏီက ပေးချေပြီး ဖြစ်သလို ဒေသခံ တောင်သူတွေ ပိုင်တဲ့ ဧက ၃၄၂၄ ဒသမ ၂၆ အတွက် ကျပ် ၃၈၁၆၁ ဒသမ ၂၇ သန်းကို ဆက်လက်ပေးချေဖို့ရှိနေပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် နယ်နိမိတ်ကို အထူးစီးပွားရေးဇုန်ဥပဒေနဲ့အညီ ၂၀၁၃ အောက်တိုဘာမှာ ၄၈၄၃၂ ဒသမ ၄၅၁၂ ဧက သတ်မှတ်ပေးခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းတွေကို ပင်မစီမံကိန်းနဲ့ ကနဦးစီမံကိန်းဆိုပြီး အဆင့် ၂ အဆင့်ခွဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013