
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရွာမှာရှိတဲ့ ဆီဒူနိုအထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့တောင်းဆိုချက်(၃)ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတာကြောင့် စက်ရုံအတွင်း မဝင်သေးဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
အဲဒီစက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာလျော့ပေးတာ၊ အချိန်ပိုခေါ်တဲ့အခါ ခွဲခြားဆက်ဆံခံရတဲ့ အပေါ် အလုပ်သမားအများစုက အချိန်ပိုမဆင်းတာကြောင့် ဖယ်ရီကား မစီစဉ်ပေးရာ ကနေ အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အချိန်ပို မဆင်းသူတွေကို ဖယ်ရီကား မစီစဉ်ပေးတာကြောင့် အလုပ်သမားတွေက အခြားကားပေါ်တက်စီးတဲ့အပေါ် မန်နေဂျာအမျိုးသားသုံးဦးနဲ့ ဝန်ထမ်းတစ်ဦးက အလုပ်သမ ၃ ဦးကို အကြမ်းဖက်ရိုက်နှက်တာကနေ အလုပ်သမား ၃၀၀ လောက် ဆန္ဒပြမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်ရိုက်နှက်တဲ့အပေါ် စက်ရုံမန်နေဂျာ သုံးဦးကို အရေးယူပေးဖို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ညနေကစပြီး စက်ရုံပြင်ပမှာ ဆန္ဒပြနေတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အလုပ်သမားတွေတောင်းဆိုထားတဲ့ တောင်းဆိုချက် ၁၀ ချက်အနက် အလုပ်ရှင်ဘက်က အချက် (၇) ချက်ကို အလုပ်ရှင်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးရုံးမှာ လိုက်လျောပေးခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေဘက်ကတော့ မန်နေဂျာ ၃ ဦးကို အရေးယူပေးဖို့၊ အခြေခံလုပ်ခလစာ ၃၆၀၀ ကျပ်ထဲကနေ ၃၀ ရာခိုင်နှုန်းမဖြတ်တောက်ဖို့နဲ့ ဖြတ်တောက်ထားတာတွေကို ပြန်ပေးဖို့၊ လုပ်ခလစာ ၄၈၀၀ ကျပ် သတ်မှတ်တဲ့အခါ အရင်ပေးထားတဲ့ နှစ်တိုးကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေကို မဖြတ်တောက်ဖို့ စတဲ့အချက် (၃) ခုကို တောင်းဆိုနေတာပါ။
ဆီဒူနိုစက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်လောက်ရှိပြီး တနေ့လုပ်ခ ၄၀၀၀ ကျပ်နဲ့ အချိန်ပိုကြေးတစ်နာရီကို ငွေကျပ် ၁၀၀၀ ရရှိတယ်လို့ ဆိုပါတယ်။











