DVB Logo
Home
Lead Story
မြန်မာပြည်မှာ ဒူတာတေး လိုနေပြီလား
DVB
·
February 15, 2018
မြန်မာပြည်မှာ ဒူတာတေး လိုနေပြီလား
Donate to DVB

လက်ရှိသမ္မတ ဒူတာတေး စတင်တက်လာကတည်းက ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး အထူးနှိမ်နင်းခဲ့ပါတယ်။ လူသောင်းနဲ့ချီ အဖမ်းခံခဲ့ကြသလို ၃၀၀၀ ကျော်ကိုလည်း သေဒဏ်ပေးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတွင်း မူးယစ်ဆေး သုံးစွဲသူများက လာရောက်အဖမ်းခံတဲ့အထိ ကြောက်ရွံ့ကုန်ကြပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက် ပြောဆိုသံတွေကို ဒူတာတေး အရေးမစိုက်ဘဲ နိုင်ငံအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးများကို စူးစူးစိုက်စိုက် လုပ်ခဲ့ပါတယ်။

ကျနော်တို့ မြန်မာပြည်မှာရော မူးယစ်ဆေးဝါး တကယ်ထိရောက်တဲ့ ဥပဒေတွေနဲ့ နှိမ်နင်းဖို့ ဒူတာတေးလိုပုဂ္ဂိုလ်မျိုး လိုနေပြီလား။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးက “သိပ်စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ သနားစရာကတော့ တိုင်းရင်းသားတွေပါ။ ဒီဘက်မှာ ဘိန်းဖြူချက်ဖို့ ဆေးပြားထုတ်ဖို့ဆိုရင် ဟိုဘက်ဒီဘက် အဖွဲ့အစည်းတွေ နှစ်ဖက်ပေးပြီး ပေါ်တင်ကို ချက်နေကြတာ။ မပေးလို့ကတော့ ဟိုတလောက ကျပ်သိန်းပေါင်း သောင်းကျော်မိတဲ့ ကိစ္စလေ။ ဖမ်းတော့တာပဲ။ အဲဒါ ပုံမှန်မပေး၊ အခွန်မဆက်လို့ ဖြစ်တာဗျ။ တကယ့် လက်တွေ့အမှန်က ဖမ်းချင်ရင် အကုန်ဖမ်းလို့ရတယ်။ ချက်ပြီး ထုတ်လုပ်တဲ့နေရာ ပေါသလားမမေးနဲ့။ တိုင်းရင်းသား လက်နက်ကိုင်များကလည်း အခွန်မပေးရင် သူတို့စခန်းအထိ ခေါ်သွားကြတာ။ ဒေသခံ တိုင်းရင်းသားက အလုပ်သမားနဲ့ အမည်ခံ၊ အဖမ်းခံတွေ များတယ်။ တကယ်လုပ်နေကြတာ မူရင်းလူတွေက တရုတ်တွေဗျ။ ကျနော်နေတဲ့ လက်ရှိရွာနဲ့တောင် အလှမ်းသိပ်မဝေးဘူး။ တခါတလေ လာပြောတဲ့သူ ရှိနေတာတောင် မသိချင်တော့ဘူး။ သိလေ စိတ်ပျက်ဝမ်းနည်းလေ။ ပါးစပ်ပိတ်နေရတယ်ဗျာ'' လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်နေမှုနဲ့ပတ်သက်ပြီး ညည်းညူ ပြောဆိုသွားပါတယ်။

မူးယစ်ဆေးဝါးချက် ထုတ်လုပ်နေတဲ့ ဒေသတွေမှာ ဈေးအလွန်သက်သာနေတာကြောင့် အသက်ကြီးကြီးငယ်ငယ် အမျိုးသားများပါမက အမျိုးသမီးများပါ သုံးစွဲနေကြပါတယ်။ ဆေးပြားတပြားကို တထောင်ဝန်းကျင်၊ ဘိန်းဖြူတခါထိုး တရှော့ကို တထောင်ကျပ်သာ ကျပါတယ်လို့ တိုက်နယ်ဆရာဝန်က ဆက်ပြောပြပါတယ်။ ဒီလို တိုင်းရင်းသားဒေသ ပြည်နယ်ဘက်တွေမှာ ချက်လုပ်ခဲ့တာကနေ တိုင်းဒေသကြီးတွေဘက်ထဲ သွင်းတဲ့အခါ WY ဆေးပြားတပြားရဲ့ တန်ဖိုးက ကျပ် သုံးထောင်ကနေ ခုနစ်ထောင်ကျပ်အထိ ရှိကြပါတယ်။ ပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့များမှာဆို နေ့စဉ်နီးပါး မူးယစ်ဆေးဝါးများ ဖမ်းမိနေကြပါတယ်။ ခရီးသွားဟန်လွဲ ပုံစံမျိုးတွေနဲ့ ကား၊ ဆိုင်ကယ်၊ စက်လှေ စတဲ့ ရေလမ်း၊ ကုန်းလမ်းကနေ အမျိုးမျိုး ဝင်ရောက်လျက်ရှိပါတယ်။

“မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက ပေါတယ်။ ဖမ်းဆီးမှုက နည်းနည်းပဲ မိတာများတယ်။ အရင်က လူကိုယ်တိုင် တွေ့ဆုံပြီး ရောင်းကြပေမယ့် အခုခေတ်ကျတော့ ငွေအရင်ချေ။ ဘယ်နေရာ ဘယ်သစ်ပင်အောက်မှာ ထားခဲ့တယ်ဆိုတော့ ဖမ်းဆီးရ ခက်နေတယ်။ ဒီဘက်မှာတော့ အိန္ဒိယဘက်ကထွက်တဲ့ အဝါရောင်ဖောက် ဘိန်းတွေနဲ့ ဘိန်းချက်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတမျိုးဖြစ်တဲ့ ဆူဒိုအက်ဖဒရင်းတွေကို အမိများတယ်" လို့ အိန္ဒိယ-မြန်မာနယ်စပ်မှာ သတင်းရယူနေတဲ့ သတင်းထောက် ကိုသူရက ဆိုပါတယ်။

အခြားဒေသ မဆိုထားနဲ့။ ကျနော်နေထိုင်ရာ ဒေသမှာတောင် ဆေးပြားရောင်းဝယ် ဖောက်ကားနေတာတွေ ရှိနေပါတယ်။ ငွေရမြန်တယ်။ အလုပ်သက်သာတယ်။ အကျိုးအမြတ် များတာရယ်ကြောင့် လူငယ်တော်တော်များများ ကျား မ မရွေး စိတ်ဝင်စားတဲ့ အလုပ်တခု ဖြစ်လာပါတယ်။ ကိုယ့်ဒေသမှာတော့ လုံခြုံလှည့်ပတ် နေတတ်ကြပေမယ့် ရလေလိုလေ လောဘတွေတက်လာပြီး တခြားဒေသနဲ့ မြို့ကြီးတွေတက်ပြီး ရောင်းဝယ် ဖောက်ကားတဲ့ အခါမှာတော့ ထောင်နန်းစံသွားရတဲ့သူတွေ မနည်းပါဘူး။

သြစတြေးလျအရှေ့ဘက် နယူးကယ်လီတိုးနီးယား ကျွန်းနိုင်ငံလေးကို ကျနော် သင်္ဘောသားအဖြစ်နဲ့ ရောက်ရှိတုန်းက ဒီနိုင်ငံသား လူမည်းအလုပ်သမား တော်တော်များများက ဆေးခြောက်ရှူကြပါတယ်။ စီးကရက်ကို ဘူးလိုက်သောက်သူ အလွန်နည်းပါးပြီး Marlboro က ဆေးသားချည်းထုပ်ထားတဲ့ အထုပ်ကိုဝယ်၊ သူ့ဆေးလိပ် စက္ကူရယ်၊ ဆေးသားရယ်၊ ဆေးခြောက်ရယ် ရောပြီး လိပ်သောက်နေကြတာ တွေ့ရပါတယ်။ အလုပ်နားချိန်တင် မဟုတ်၊ အလုပ်လုပ်နေချိန်လည်း သောက်နေကြပါတယ်။

ဆေးခြောက်က အလွယ်ရတယ် ထင်ပါတယ်။ သတင်းစာနဲ့ ပတ်ယူခဲ့တာကို ဖြေကြည့်လိုက်၊ ဆေးခြောက်ကို ကိုင်းလိုက် အပင်က ချိုးယူလာတဲ့ပုံပါပဲ။ ကျနော် ကြုံဖူးသလောက်တော့ အလွန်အကျွံသုံးစွဲတာ မတွေ့ရဘူး။ မနက် ၅ နာရီကနေ ည ၈ နာရီလောက်ကို အေးဆေးလုပ်နိုင်ကြတယ်။ ဒါပေမယ့် သူတို့တွေက ကျနော်တို့နိုင်ငံက juicy လို အချိုရည် ခပ်ပြင်းပြင်း အနှစ်ရည်ကို အမြဲဖျော်သောက်နေကြပါတယ်။ အမေရိက စတဲ့ အနောက်နိုင်ငံတွေမှာလည်း ဆေးခြောက်သုံးစွဲခွင့်ကို အစိုးရက လစ်မစ် (Limit) တခုနဲ့ ခွင့်ပြုထားတယ်လို့ လေ့လာသိရှိရပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုက ဘာအလုပ်မှကို မလုပ်နိုင်အောင် သုံးစွဲကြသလို အများစု ရှူရှိုက် ထိုးသွင်းနေသူတွေက အောက်ခြေအလုပ်သမားနဲ့ လူလတ်တန်းစားတွေ များပါတယ်။ ဖားကန့် မိုင်းရှူးဘက်မှာတော့ မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်များ ပြုနေသလား။ ရောင်းချသူ သုံးစွဲသူ အားလုံးက ပေါ်ပေါ်တင်တင်ပါပဲ။ တခါသုံး ဆေးထိုးအပ်များဆိုတာ လမ်းဘေး ဝဲ ယာ မြင်မကောင်းဘူး။ ရှူမလား၊ မျိုမလား၊ ထိုးမလား အကုန်ရတယ်။

“ကျမတို့ဘက်မှာဆို  ဆိုင်ကယ်နဲ့ လှည့်ရောင်းတာလည်း ရှိသလို တောအုပ်လေးတွေထဲမှာ ဗီနိုင်းအဟောင်းလေးတွေနဲ့ ကာထားတဲ့ ဆိုင်ခန်းလေးတွေတောင် ရှိတယ်။ သူတို့ဆီသွားရင် လမ်းမှာ ကင်းသမားဂိတ် စီစီတီဗွီ အကုန်တပ်ထားပြီး သေနတ်ကအစ ဓား၊ လှံ အကုန်ဆောင်ထားတယ်။ မပိုင် မကျွမ်းကျင်ဘဲ ဝင်ဖမ်းသလို စစ်ဆေးလို့ကတော့ အလောင်းတောင် ပြန်မရဘူးမှတ်။ ဒီဘက်မှာ အသုံးများတာက ဘိန်းနဲ့ WY ဆေးပြားတွေပါပဲ။ ဆေးပြားက ရှားရင်ရှားသလို သုံးထောင်ကနေ ခုနစ်ထောင်အထိ ရှိတယ်။ ဒါကြောင့် တထောင်ဖိုးလောက်နဲ့ ပိုမိုထိရောက်တဲ့ ဘိန်းထိုးထည့်တာ များကြတယ်။ AIDS ပပျောက်ရေး NGO ဆာရာ အဖွဲ့ကလည်း ဆေးထိုးအပ်တွေ မိုးရေတွေကို သုံးစွဲသူများတဲ့ နေရာတွေမှာ လိုက်ချပေးထားတယ်။ သုံးပြီးသား အပ်တွေတောင် ပြန်လိုက်ကောက်ကြတယ်။ သူတို့ကတော့ တခါသုံးအပ်ကနေ ပြန်လည်သုံးစွဲရင် ရောဂါကူးမစိုးလို့ စီမံချက်နဲ့ပေါ့။ ဒါပေမယ့် တခါတလေ ဆေထိုးဖို့ မြှောက်ပေးသလိုတောင် မြင်မိတယ်” လို့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နေ သားလေးယောက်မိခင် ဒေါ်ရီရီ (အမည်လွှဲ) က သူ တွေ့မြင်နေရတာတွေ ပြောပြပါတယ်။

သုံးစွဲသူအများစုကတော့ ဝန်ထမ်း၊ ကျောင်းသားနဲ့ လူတန်းစားပေါင်းစုံ ယောက်ျားလေးတွေ များတယ်။ မိန်းမတွေလည်း ငါးဆယ်မှာ တယောက်လောက် တွေ့နေရပါပြီ။ နေရာအနှံ့ မူးယစ်ဆေးဝါးက ဖမ်းလေ များလေ ဖြစ်နေတယ်။ ကျမတို့ဘက်က အချုပ်နဲ့ ထောင်မှာဆို ၉၀ ရာခိုင်နှုန်းက မူးယစ်အမှုတွေချည်းပဲ။ သုံးစွဲသူတွေကိုလည်း ပညာပေး ပြန်လွှတ်ဆိုတော့ ဆေးရုံက ဖြတ်ဆေး မက်တာတုံးလေး ပြေးသောက်လိုက် ဖိုးပြန်ထိုးလိုက်နဲ့ နှစ်ဖက်ခွေတွေလေ။ ကျမသားထဲမှာတောင် တယောက် ဆေးစွဲနေတာ၊ ဒီနယ်ဘက် ယောက်ျားလေး မွေးထားရတာ အင်မတန် ရင်လေးစရာပါပဲလို့ ဒေါ်ရီရီက ဆက်ပြောပါတယ်။

ယခုအခါ မူးယစ်ဆေးဝါး မိကြပြီဆို သိန်း ထောင်ဂဏန်းကနေ သောင်းဏန်းအထက်ထိ မိလာကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးမိသူတွေ ကြည့်လိုက် အဝတ်အစား သားသားနားနားနဲ့ သူဌေးပုံစံ ဘယ်သူမှ မပါဘူး။ လူတန်းစား ခွဲပြောတာ မဟုတ်ပါဘူး။ သာမန် အဝတ်အစား အောက်ခြေလူတန်းစား အလုပ်သမား ပုံပန်းသဏ္ဌာန်တွေချည်းပါပဲ။ တကယ့် အဓိကသူတွေကို ဖမ်းကို မမိကြဘူး။ ဘိန်းဖြန့်ဖြူးတဲ့အခါ ကမ္ဘာမှာ နာမည်ကြီးတဲ့ ခွန်ဆာ၊ ရွက်ဆစ်၊ လော်စစ်ဟန်တို့ ကျပြန်တော့လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဆိုတာမျိုး စစ်အစိုးရခေတ်တွေထဲက ရှိနေတော့ ယခု မူးယစ်ဆေးထုတ်လုပ်မှု ခေါင်းဆောင် သူဌေးများကို မမိတာလည်း အဆန်းမဟုတ်တော့ပါဘူး။

တိုင်းရင်းလက်နက်ကိုင်တွေကြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ပြောနေကြပါတယ်။

ထို့အတူ ဒီဘက် အစိုးရအဖွဲ့အစည်းများကလည်း အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား ဝန်ထမ်းတွေ၊ လိုင်းကြေးယူ မသိချင်ယောင်ဆောင်နေကြသူတွေ အများကြီး ရှိနေတာကြတာ မျက်စိ၊ နားတွေ ပိတ်ထားကြလားလို့ တိုင်းရင်းသားဒေသတွေက မူးယစ်ဆေးဝါး ပပျောက်ရေး ကူညီလုပ်ဆောင်သူ ပရဟိတ အဖွဲ့များက ပြောပါတယ်။ လက်ရှိပုံစံအတိုင်းဆို မူးယစ်ဆေးဝါးက ပပျောက်ဖို့ မလွယ်ဘူး။ လျော့နည်းအောင်ပဲ လုပ်လို့ရမယ်လို့ သူတို့အဖွဲ့တွေက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ WY၊ ဆေးခြောက်၊ ဘိန်းဖြူ စတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တရားဥပဒေ ပြစ်မှု ပြစ်ဒဏ်များကတော့ ​အရောင်းအဝယ်​နဲ့ လက်​ဝယ်​မိသူဆို အနိမ့်ဆုံး ၁၀ နှစ်​မှ နှစ်​အကန့်​သတ်​မရှိ။ ထုတ်လုပ်​ဖြန့်ဖြူးသူဆိုရင် အနိမ့်ဆုံး ၁၅ နှစ်​မှ နှစ် ​အကန့်​အသတ် ​မရှိ ထောင်ဒဏ်တွေ သတ်မှတ်ထားပါတယ်။ သို့သော် အခုလို နှစ်ရှည်ထောင်ဒဏ်တွေ သက်မှတ်ထားသော်လည်း ဥပဒေပြစ်ဒဏ်လောက်ကို ဂရုမစိုက်တာလား။ တရားဥပဒေစိုးမိုးမှုနဲ့ နှိမ်နင်းမှုတွေက မအောင်မြင်တာလား မသိ။ မူးယစ်ဆေးဝါးက အခုခေတ် လူငယ်တွေအကြား ပိုမိုလွယ်ကူစွာ အသုံးပြုလာနေကြပါတာကို တွေ့မြင်နေရပါတယ်။ တခါတလေ တွေးမိတာက ပြည်သူအတွက် စံပြအဖြစ် လုပ်ပြကြရမယ့် အနုပညာလောကသားများကပါ သုံးစွဲမှုများ ပြုနေကြတော့ ကျား၊ မ ဖြစ်ဖြစ်၊ လူငယ်တယောက်က မူးယစ်ဆေး မသုံးဘူးရင်ပဲ ခေတ်မမီသလိုလို ဖြစ်လာကြတယ်။

ရှမ်းပြည်နယ်စပ်နဲ့ ထိစပ်နေတဲ့ မိတ္ထီလာခရိုင် ဒေသအတွင်း မူးယစ် ဖမ်းဆီးနှိမ်နင်း ဆောင်ရွက်နေတဲ့ ရဲအုပ်တဦးက “တိကျခိုင်မာသော ဥပဒေတွေနဲ့ ကြီးလေးသော ပြစ်မှု ပြစ်ဒဏ် ပေးတဲ့ ဒူတာတေးလို ခေါင်းဆောင်မျိုး ရှိရင်တော့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး အမြန်ဆုံး ပပျောက်နိုင်မယ်။ ဒီတိုင်းဆို ဖမ်းမနိုင်သေးဘူး။ ပျံ့နှံ့မှုနှုန်းက မြန်ဆန်လွန်းနေတယ်။ တောရွာအထိ ရောက်နေပါပြီ။ လူငယ်တွေ အနာဂတ်က ရင်လေးစရာပါပဲ။ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ၊ အထူးဖမ်းဆီးရေးအဖွဲ့တွေ အင်အားချဲ့ဖို့လည်း လိုအပ်ပါတယ်” လို့ သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

ဒီတော့ ကျနော်တို့ မြန်မာနိုင်ငံ ဘယ်လိုရှေ့ဆက်မလဲ။ လက်ရှိအစိုးရနဲ့ တပ်မတော်က မူးယစ်ဆေးဝါး နှိမ်နင်းရေး တကယ်လက်တွေ့ကျကျ လုပ်ဆောင်မယ်ဆို ဥပဒေများမှာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရမယ်။ လူစားထိုး အဖမ်းမခံရအောင် ဖမ်းဆီးသူနဲ့ ဥပဒေဝန်ထမ်းများက နည်းလမ်းတကျ အမှန်တကယ် တရားဥပဒေစိုးမိုးမှု ရှိအောင် ဆောင်ရွက်ရမယ်။ ဘယ်လက်နက်ကိုင်မို့လို့၊ ဘယ်လူကြီးသားသမီး ဖြစ်နေလို့ ထည့်တွက်မနေဘဲ ထိရောက်စွာ မျက်နှာမလိုက်ဘဲ စီမံချက်တခုအနေနဲ့ နှိမ်နင်းသင့်ပါတယ်။

ဒီအတွက် မြန်မာပြည်မှာ ဒူတာတေးလို ဦးဆောင်နိုင်မယ့်သူ လိုနေပြီလို့ အကြံပြု ရေးသားလိုက်ပါတယ်။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013