DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုအေးအောင်လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆို
DVB
·
May 14, 2012
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုအေးအောင်လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆို
Donate to DVB

ထောင်ဒဏ် ၅၉ နှစ်ကျခံနေရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုအေးအောင် အပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ၉၆/၉၈ မျိုးဆက်ကျောင်းသားတွေက နိုင်ငံတော်သမ္မတကို စာရေးသားတောင်းဆို လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ် အပါအ၀င် တခြား လွတ်ငြိမ်းချမ်းသာ ခွင့်တွေ နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ ၉၆/၉၈ မျိုးဆက် ကျောင်းသား နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူဟောင်း ၆၀ ကျော်က ကိုအေးအောင်အပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဒီနေ့ စာရေးတောင်းဆို လိုက်ကြတာပါ။

၁၉၉၈ လှည်းတန်းလမ်းဆုံ ကျောင်းသား ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရတဲ့ အမှုတွဲ ၆၈ ယောက်ထဲမှာ အားလုံးပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရတဲ့ ကိုအေးအောင် တယောက် မလွတ်မြောက်သေးတဲ့ အတွက် အခုလို တောင်းဆိုကြတာ လို့ လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် က ပြောပါတယ်။

“ကိုအေးအောင်နဲ့အတူတူ အမိန့်ချခံခဲ့ရတဲ့၊ အဖမ်းဆီးခံခဲ့ရတဲ့အမှုတွဲတွေ သူငယ်ချင်းတွေ အကုန်လုံး က အပြင်မှာ လွတ်မြောက်နေပြီးတော့ ကိုအေးအောင် တယောက်တည်း ထောင်ထဲမှာ အမှုတွဲတွေထဲက ကျန်နေခဲ့တာဟာ ကျမတို့အတွက် ဘယ်လိုမှခံစားလို့မရပါဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ အခုလို နိုင်ငံရေးအပြောင်းအလဲ ကာလမျိုး၊ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ လုပ်နေတဲ့ ကာလမျိုး၊ ငြိမ်းချမ်းရေး စကားတွေ ပြောနေတဲ့ကာလမျိုးမှာ ပိုပြီးတော့တောင်မှ မဖြစ်သင့်ဘူးလို့ ယူဆတဲ့အတွက် သမ္မတဆီကို လက်မှတ်ရေးထိုးပြီး တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုမျိုးမင်းဇော်ကတော့ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်အောင် ကြိုးပမ်းဖို့ကိစ္စ လူတွေ အာရုံစိုက်မှု နည်းလာတဲ့အတွက် ခုလို လက်မှတ်ရေးထိုး တောင်းဆို ရတာလို့ ပြောပါတယ်။

“မကြာသေးခင်ကပဲ မစ္စတာ ကင်တားနားက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို ​သိပ်အာရုံစိုက်တာ မတွေ့ရတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်ရတယ်လို့ ထုတ်ဖော်ပြောဆိုရတဲ့ အခြေအနေအထိကို ကြားနေရတယ်။ အဲဒီတော့ ကိုအေးအောင်အပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို ပြန်လည်အာရုံစိုက်လာစေဖို့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တယ် လို့ ယူဆတဲ့အတွက် ကျနော်တို့ တတ်နိုင်တဲ့ အလုပ်လေးကို ကျနော်တို့ လုပ်ကြတာပါ။ နောင်တချိန်လွှတ်တော် ပြန်မခေါ်ခင်မှာ သမ္မတကြီးအပါအ၀င် ဆုံးဖြတ်ပေးနိုင်တဲ့ လူတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးစဉ်းစားပေးဖို့၊ ဒီမိုကရက်တစ် အင်အားစုတွေက လည်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်ကို စုစုစည်းစည်းနဲ့ အားလုံး စုပေါင်းပြီးတော့ ပြောရမယ်ဆိုရင် မြစ်ဆုံကိစ္စလို ပူးပေါင်းပြီးတော့ အမြန်ဆုံးပြန်လွတ်လာဖို့ အတွက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဆူးလေးတချောင်းကို အမြန်ဆုံးဝိုင်းပြီးတော့ စုစုစည်းစည်းနဲ့ နုတ်ပေးဖို့ကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

ဒဂုံအဝေးသင်တက္ကသိုလ် တတိယနှစ် ရူပဗေဒကျောင်းသား  ကိုအေးအောင်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ၁၉၉၈ ခုနှစ် သြဂုတ် ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ခေါ်ယူပေးရန် အန်အယ်လ်ဒီရဲ့ ကြေညာချက်အပေါ် ကျောင်းသားထု ရဲ့ ထောက်ခံမှု ကို ပြသဖို့ သြဂုတ် ၂၄ ရက်နေ့မှာ လှည်းတန်းလမ်းဆုံကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်က သူဟာ အသက် ၂၂နှစ်သာ ရှိပါသေးတယ်။

ကိုအေးအောင်ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၃ခု ပြစ်မှု ၇ ခုနဲ့ ထောင်ဒဏ် ၅၉ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် ကိုအေးအောင် အကျဉ်းကျခံနေရတာ ၁၄ နှစ် နီးပါးရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013