
ပြည်မြို့ရဲ့ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှာ အင်အား ရစ်ခ်ျတာစကေး ၄.၉ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော် မြေငလျင်စခန်းက အနောက်တောင်ဘက် မိုင် ၉၀ ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း မြောက်လတ္တီတွဒ် (၁၈.၇၁)၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၉၊ အနက် ၈၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ရှားသွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီငလျင်လှုပ်ရှားမှုကို ရန်ကုန်မြို့ အထပ်မြင့်နေ ပြည်သူတချို့ ခံစားလိုက်ရပြီး လှုပ်ရှားချိန် တိုတောင်းတဲ့အတွက် ငလျင်လှုပ်တာ မသိလိုက်သူတွေလည်း ရှိပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ ပြည်တွင်းမှာ ငလျင် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ငလျင်အကြိမ်ပေါင်း ၃၀ ကျော် လှုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - မိုးဇလ











