DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့နယ်၌ ကော်ဖီစိုက်ခင်း ရေမြောက်အမြား သုံးစွဲမှုကြောင့် ဒေသခံများ အခက်တွေ့
DVB
·
February 14, 2018
ပုသိမ်မြို့နယ်၌ ကော်ဖီစိုက်ခင်း ရေမြောက်အမြား သုံးစွဲမှုကြောင့် ဒေသခံများ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲက မြေဧက ၃၀၀ မှာ စိုက်ပျိုးထားတဲ့ ကော်ဖီ စိုက်ခင်းတွေအတွက် ကွင်းချောင်းနဲ့ မက္ကလာချောင်းက ရေတွေ အလွန်အကျွံ သုံးစွဲနေလို့  ချောင်းတိမ်ကောလာနေပြီး ဒေသခံတွေ ရေအခက်အခဲတွေ့နေ ပါတယ်။

ဒါကြောင့် ချောင်းရေကို အမှီပြုနေတဲ့ ရွာပေါင်း ၁၂ ရွာက ဒေသခံတွေအတွက် သုံးရေ သောက်ရေ အခက်အခဲအပြင် စိုက်ပျိုးထားတဲ့ အပင်တွေအတွက်ပါ ရေအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မဏ္ဍပ်ကျေးရွာမှာ နေထိုင်သူ ဦးဝင်းရွှေက ပြောပါတယ်။

“ကော်ဖီစိုက်ခင်းက ရေတွေ သုံးစွဲတာကြောင့် ကျနော်တို့ ရေသုံးစွဲရတာ နည်းပါးသွားပြီးတော့ အညစ်အကြေး ရေတွေနဲ့ တော်တော်အခက်အခဲ ကြုံတွေ့နေပါတယ်။ မက္ကလာချောင်းမှာ မောင်းတင်နေတဲ့ စက်အလုံးပေါင်း ၁၂ လုံးလောက် စုပ်တင်နေတော့ ဒီရေတွေ ခန်းခြောက်လာပါတယ်။ လူတွေနဲ့ တိရစ္ဆာန်တွေအတွက် သုံးရေ သောက်ရေ တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ပြည်သူတွေက ဒီရေကို အမှီပြုနေရတာပါ။”

ဒီဒေသမှာ ကော်ဖီစိုက်ခင်းတွေကို ၂၀၁၄ ခုနှစ်လောက်က စတင်စိုက်ပျိုးနေတာဖြစ်ပြီး ရေသုံးစွဲမှု များတာကြောင့် အရင်က နွေရာသီကာလမှာ ရေ ခါးလယ်လောက်ရှိနေတဲ့ ချောင်းတွေဟာ အခု ဇန်နဝါရီလမှာပဲ ကုန်း စပေါ်နေပါတယ်။

အနီးအနားက ကျေးရွာတွေကလည်း ရေတွင်း ရေကန် တူးမရတာကြောင့် ဒီချောင်းရေကိုပဲ အဓိကထား သောက်ရေ သုံးရေ အသုံးပြုနေရတဲ့အတွက် အစိုးရက ဒီအခြေအနေကို ထိန်းပေးသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မဏ္ဍပ်ကျေးရွာနေ ဦးကျော်စိုးက “စက်ပေါင်း မြောက်မြားစွာ အသုံးပြုလို့ ရေတွေ ခန်းခြောက်တယ်။ ဒီနေရာမှာ စက်က ပြန်တင်လိုက်တဲ့ ရေတွေ၊ စက်က ပြန်ကျလာတဲ့ ရွှံ့နှစ်တွေ ပါလာတယ်။ ပိုက်တွေကနေ ဆီတွေကျတယ်။ ဖြတ်သွားဖြတ်လာ လူသွားလူလာ များလာတဲ့အခါကျတော့ ဒီရေတွေမှာ အညစ်အကြေးတွေနဲ့ အနောက်တွေပဲ ကျနော်တို့ သုံးစွဲရတယ်။ ဒီချောင်းကို မှီခိုအားထားပြီးနေရတဲ့သူတွေက ၄ အုပ်စုဆိုတော့ ရွာပေါင်း ၈ ရွာလောက် ရှိပါတယ်။ အနားပါးနီးရွာတွေနဲ့ဆို အားလုံးပေါင်း ၁၂ ရွာလောက် ဒီရေကို အားကိုးနေရတယ်။ အခက်အခဲဖြစ်လို့ ကျနော်တို့ ပထမတကြိမ် တိုင်တယ်။ စက်က ၇ လုံးလောက် စုပ်တယ်။ နောက်တချီကျတော့ စက် ၁၂ လုံးလောက် ဖြစ်သွားတယ်။ ဒီတချီမှာ ထပ်တိုင်ရင် စက် ၁၅ လုံး ဖြစ်မလားလို့ ကျနော်တို့ စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။

ဒီကော်ဖီစိုက်ခင်းတွေကို MAGTCoffee ကုမ္ပဏီက စိုက်ပျိုးနေတာဖြစ်ပြီး မြေဧက ၃၀၀ ပေါ်မှာ တဧကကို ကော်ဖီပင် ၄၃၅ ပင်နှုန်းနဲ့ ကော်ဖီပင်ပေါင်း ၁၃၀၅၀၀ စိုက်ပျိုးထားပါတယ်။

ကော်ဖီတပင်ကို တလကို ရေ ၃၀ ဂါလန်နီးပါး ကွင်းချောင်းထဲကနေ ရေပိုက်ချ စုပ်တင်ပြီး လောင်းနေပေမယ့် ဒီလို ရေသုံးစွဲတာကြောင့် ချောင်းတွေ တိမ်ကောလာတာ မဟုတ်ဘဲ နဂိုကတည်းက အခုချိန်ရောက်ရင် တိမ်ကောနေတဲ့ ချောင်းတွေသာ ဖြစ်တယ်လို့ MAGT Coffee ကုမ္ပဏီ တာဝန်ရှိသူတွေက ဆိုပါတယ်။

MAGT ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံသား ကော်ဖီစိုက်ပျိုးရေးပညာရှင်တဦးရဲ့ နည်းပညာတွေနဲ့ ပုသိမ်မြို့နယ်ထဲက သစ်တောမြေဧက ၃၀၀၀ ကို လျှောက်ထားပြီး  လတ်တလော  ဧက ၃၀၀ စတင်စိုက်ပျိုးနေပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013