DVB Logo
Home
မြန်မာသတင်း
ဒိုင်ဝန်ကွင်းဈေးကို စည်ပင်ဘတ်ဂျက် ကျပ် သန်း ၁၅၀၀ အသုံးပြုအဆင့်မြှင့်
DVB
·
February 14, 2018
ဒိုင်ဝန်ကွင်းဈေးကို စည်ပင်ဘတ်ဂျက် ကျပ် သန်း ၁၅၀၀ အသုံးပြုအဆင့်မြှင့်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဓိက ဈေးတခုဖြစ်တဲ့ ဒိုင်ဝန်ကွင်းဈေးကို ဖြိုဖျက်ပြီးနောက် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ငွေ ကျပ် သန်း ၁၅၀၀ လောက် အသုံးပြုကာ သုံးထပ်ဆောင် ဆောက်လုပ်နေတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

အဲဒီဈေးကို ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်အတွင်း အပြီးသတ် ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဆောက်လုပ်ဖို့အတွက် လုပ်ငန်းစတင်နေပြီဖြစ်တယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးမြင့်အောင်က ပြောပါတယ်။

“ဈေးကို သုံးထပ်ဆောင် ဆောက်လုပ်မှာပါ။ အောက်ဆုံးအထပ်ကိုတော့ ဈေးသည်တွေကို နေရာချထားပေးမယ်။ ကျန်တဲ့အပေါ်က နှစ်ထပ်အတွက် တခြားအစီအမံလေးတခုလုပ်ဖို့ ရှိပါတယ်။ ဈေးဆိုတော့ ခြံဝင်းကို သေချာခတ်ပြီးတော့ လုပ်ရမှာပေါ့။ အခုလုပ်ငန်းတွေ စပြီးဆောက်ဖို့ လုပ်နေပြီ။”

ဈေးဖျက်သိမ်းတာကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့ပြီး ၁၂ ရက်နေ့မှာ ဖျက်သိမ်းရေး လုပ်ငန်းတွေ ပြီးဆုံးခဲ့တဲ့အတွက် ဒီလအတွင်းမှာပဲ အဆောက်အဦကို ပန္နက်ချသွားမယ်လို့ သိရပါတယ်။

လတ်တလောဈေးဖျက်ထားရလို့ ဈေးသည်တွေအတွက်  ရထားချဉ်းကပ်လမ်းလို နေရာတွေနားမှာ  ပြန်လည်နေရာချထားရပြီး အနည်းဆုံး သုံးလကနေ လေးလအထိ ယာယီပြောင်းရွှေ့ထားရမယ်လို့လည်း ဆက်ပြောပါတယ်။

လက်ရှိပြောင်းရွှေ့နေရတဲ့ ယာယီဈေးခန်းတွေက ဈေးသည်တွေအနေနဲ့ အရင်ကထက် ရောင်းအားကျဆင်းနေပြီး ဈေးအတွင်း စားဝတ်နေရေး အခက်တွေ့နေတာ၊၊ ယင်လုံအိမ်သာ မရှိတာ၊ ပစ္စည်းတွေထားဖို့ လုံခြုံစိတ်ချမှု မရှိတာတွေကြောင့် အာစီသုံးထပ်ဆောင်ဈေ်း အမြန်ဆုံး ဆောက်လုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဈေးအပြောင်းအရွှေ့ စီမံချက်ဟာ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့လည်း မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။

“ဈေးအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေ ရှိတယ်။ မြေနေရာ အခက်ခဲတွေ ရှိတော့ အကောင်အထည်ဖော်ရတဲ့အပိုင်းမှာ ပြဿနာရှိတယ်။ သံလွင်ဈေးတို့၊ ဒိုင်ဝန်ကွင်းဈေးတို့ က အဓိက စိန်ခေါ်မှုပဲ။”

ဒိုင်ဝန်ကွင်းဈေးဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေတဲ့အတွက် အန္တရာယ်ရှိတဲ့ အဆောက်အအုံတခုလည်း ဖြစ်ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013