DVB Logo
Home
Lead Story
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ - အပိုင်း ၁၅
DVB
·
February 14, 2018
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ - အပိုင်း ၁၅
Donate to DVB

၁၉၆၂ စစ်အာဏာသိမ်းခြင်း - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - ကျောင်းသားသွေးမြေကျခြင်း (ဆဲဗင်းဂျူလိုင်)

(၃၀) ၁၉၆၂ စစ်အာဏာသိမ်းခြင်း

အခုတော့ အထက်မိုးကောင်းကင်မှာ တိမ်မည်းကြီးတွေ ထူထပ်သထက် ထူထပ်လို့ လာပါပြီ။ မကြာခင်မှာ ပြင်းထန်တဲ့ မုန်တိုင်းကြီး တိုက်ခတ်လာတော့မှာမို့ လေကလည်း ငြိမ်သက်သွားခဲ့ပါတော့တယ်။ လက်ရှိဖြစ်လာတဲ့ နိုင်ငံရေးအခြေအနေဟာ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ပေးလာတာကို သိတဲ့ ဗိုလ်ချုပ်နေဝင်းဟာ  စစ်ထောက်ချုပ် ဗိုလ်မှူးကြီးသန်းစိန်ရဲ့ ရုံးခန်းကို သွားခဲ့တယ်။ သူတွေ့ခဲ့တာ ပခုက္ကူသန်းစိန်ပါ၊ ရခိုင်သန်းစိန် မဟုတ်ပါဘူး။

ဒီကိစ္စဟာ အရေးပါတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်နေတာမို့ စာဖတ်သူတွေ စဉ်းစားတွေးတောလက်ခံနိုင်ဖို့ ဒီအခန်းကို ပြည့်ပြည့်စုံစုံ ရေးပြချင်ပါတယ်။

အဲဒီအချိန်တုန်းက စာရေးသူက လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ကော်ပိုရေရှင်းဌာန ARDC (Agriculture and Rural Development Corporation) ရဲ့ စီမံကိန်းတခုဖြစ်တဲ့ ဗာဂျီးနီးယားဆေးရွက်ကြီးနဲ့ ဝါဂွမ်းဌာနရဲ့ ခရိုင်မန်နေဂျာအနေနဲ့ရော ပခုက္ကူခရိုင်ရဲ့ စီမံကိန်းမန်နေဂျာအဖြစ် ပခုက္ကူစီးကရက်စက်ရုံမှာ ၁၉၆၈ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူဟာ ဂေါက်သီးရိုက် ပုံမှန်ကစားလေ့ရှိပြီး ပခုက္ကူဂေါက်ကလပ်ရဲ့ အသင်းအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

အဲဒီဂေါ့က်ကလပ်ရဲ့ အသင်းဥက္ကဋ္ဌက စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ ရန်ကုန်တိုင်းမှူးဖြစ်လာမယ့် ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်မှူးမျိုးအောင် ဖြစ်ပါတယ်။ ဆေးရွက်ကြီးဖိုပိုင်ရှင် ၁၀၀ ကျော်ရှိတဲ့အထဲက ဖိုပိုင်ရှင်တဦးလည်းဖြစ်၊ မြို့နယ်ရဲ့ မြူနီစီပါယ်လူကြီးတဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းစိန်ရဲ့ တဝမ်းကွဲညီအစ်ကိုတော်သူ ဦးလှိုင်နဲ့ စာရေးသူဟာ အလွန်ခင်မင်ရင်းနှီးခဲ့ကြပါတယ်။

အဲဒီအချိန်မှာ စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပဖို့ အလုပ်ရှုပ်နေချိန် ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးသန်းစိန်ဟာ သူ့မွေးဇာတိဖြစ်တဲ့ ပခုက္ကူနဲ့ သူတာဝန်ယူနေရတဲ့ ချင်းပြည်နယ်ကို လစဉ်လိုလို ရောက်လာလေ့ရှိပါတယ်။ တခုသော ညနေခင်းမှာ သူဟာ ကလပ်မှာ ဂေါက်သီးလာရိုက်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်မှူးကြီးသန်းစိန်တို့အကြားမှာရှိတဲ့ ယုံကြည်ရင်းနှီးမှု အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာ သိထားဖို့လိုတယ်။

တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်အများစုဟာ ဗိုလ်ချုပ်နေဝင်း ကွပ်ကဲခဲ့တဲ့ ဗမာ့သေနပ်ကိုင်တပ်ရင်း (၄) ထွက်တွေပဲ ဖြစ်တယ်။ ဥပမာပြရရင် ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်သန်းညွန့်၊ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ်စိန်လွင်၊ ဗိုလ်မှူးကြီးသန်းစိန် (တပ်ခွဲမှူး) တို့ ဖြစ်ကြတယ်။ အခုတော့ ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌပါ ဖြစ်လာတော့ သူ့ရဲ့တပ်ရင်းက ဗိုလ်ကြီးသန်းစိန်ကလည်း တော်လှန်ရေးကောင်စီဝင်နဲ့ စစ်ထောက်ချုပ် ဗိုလ်မှူးကြီးသန်းစိန် ဖြစ်လာရတာပေါ့။ တနေ့တော့ စာရေးသူက ဗိုလ်မှူးကြီးသန်းစိန်ကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြဖို့ ဦးလှိုင်ကတဆင့် မေးမြန်းခဲ့တယ်။ တခုသောညနေခင်းမှာ ဂေါက်သီးရိုက်ပြီးတဲ့နောက်  ဂေါက်ကလပ်မှာပဲ တောင်းဆိုချက်အရ အာဏာသိမ်းစဉ်က အဖြစ်အပျက်ကို ဒီလို ပြန်ပြောပြခဲ့ပါတယ်။

“နေ့လယ် ၃ နာရီထိုးလောက်မှာ ကျနော့်ရုံးခန်းမှာ ဗိုလ်ချုပ်နေဝင်းဆီက ဖုန်းဝင်လာတယ်။ ဟေ့ သန်းစိန် အိမ်မပြန်နဲ့ဦး… ငါ မင်းဆီကို ညနေ ၄ နာရီထိုးမှာ လာခဲ့မယ်… ရန်ကုန်မြေပုံရှာပြီး အသင့်ပြင်ထားလို့ ပြောခဲ့တယ်။

ပြောတဲ့အချိန်အတိုင်း ရောက်လာပြီး အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ ပါလီမန်၊ ဗဟိုတရားရုံး၊ ဝန်ကြီးများရုံး၊ အစိုးရအဖွဲ့ဝင်တွေရဲ့ အိမ်နေရာတွေ၊ သမ္မတနဲ့ ဝန်ကြီးချုပ်အိမ်တွေအပြင် အခြားအရေးကြီးတဲ့ နေရာဌာနတွေမှာ တပ်အင်အားတွေချဖို့ ညွှန်ကြားခဲ့တယ်။ အဲဒီလို ညွှန်ကြားပြီး သူ ပြန်သွားခဲ့တယ်။ သူက အဲဒီလို တပ်အင်အား ချတာတွေကို ဒီည ၈ နာရီမထိုးခင်မှာ ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ မှာခဲ့သေးတယ်။ သူ နောက်တခေါက်ပြန်လာပြီး အစီအစဉ်ကို အပြောင်းအလဲ အနည်းငယ်လုပ်ပြီးတဲ့နောက် အမျိုးသားဇာတ်ရုံမှာ တရုတ်ယဉ်ကျေးမှု အကဖျော်ဖြေပွဲကို သွားကြည့်နေခဲ့တယ်။ နောက်တနေ့ နံနက်  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ စစ်အာဏာသိမ်းကြောင်း သတင်းကြေညာချက်နဲ့အတူ အဖွဲ့ဝင် ၁၆ ဦးပါတဲ့ တော်လှန်ရေးကောင်စီကို ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်သတင်းကို မြန်မာအသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့တော့တာပါပဲ”။

ဒီလိုနဲ့ နိုင်ငံတော်ဟာ ဗိုလ်ချုပ်နေဝင်း ဦးစီးတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တသိုက် လက်တွင်းကို သက်ဆင်းလို့ ကံကြမ္မာဆိုးကြီးကို စတင်ပွေ့ပိုက်ခဲ့ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့တဲ့ ဒီမိုကရေစီကို အခြေခံထားတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းပစ်ခဲ့တယ်။ ဒီနေရာမှာ နောက်ထပ် ဇာတ်လမ်းတပုဒ် ရှိခဲ့ပါသေးတယ်။ ဦးနုဟာ သူ့အိမ်ကနေ စစ်ကားနဲ့ ခေါ်ဆောင်ခံရတဲ့ အချိန်မှာ လာခေါ်တဲ့ စစ်သားကို သူက ဒီလိုမေးခဲ့သတဲ့ ..

“ဟေ့ .. ဒါနဲ့ ကျုပ်ရဲ့ဗိုလ်ချုပ်ရော ဘယ်လိုလဲ” (ဦးနုက ဗိုလ်ချုပ်နေဝင်းကို.. ကျုပ်ရဲ့ဗိုလ်ချုပ်လို့ ခေါ်ပြီး၊ ဗိုလ်ချုပ်နေဝင်းက ဦးနုကို ကိုကြီးနုလို့ ခေါ်သတဲ့)။ အဲဒီတုန်းက ဦးနုဟာ မသိချင်ယောင်ဆောင် မေးသလား၊ တကယ်ပဲ အခြေနေမှန် မသိရအောင် ညံ့ခဲ့တာလား။

စစ်တပ်က ကြေညာပြီးတဲ့နောက် အာဏာကို လွှဲပြောင်းယူတုန်းက သွေးမြေမကျပေမယ့် နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်သူ စဝ်ရွှေသိုက်ရဲ့သား စိုင်းရွဲ့ တယောက်ကတော့ ညပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ကတော့ ဗထူးမြို့ကို ခေါ်ဆောင်သွားခံရပြီးတဲ့နောက် စစ်တပ်စခန်းတခုမှာ သတ်ဖြတ်လိုက်ကြတယ်။ ဗိုလ်ချုပ်နေဝင်းဟာ ၁၉၄၉ ခုမှာ တခါ အာဏာသိမ်းပွဲကို ဇာတ်တိုက်ကျင့်ပြီးသားပါ။ တရားဝင် အာဏာသိမ်းတာက ၁၉၅၈ ခုနှစ်မှာ တခါ၊ အခု တတိယအကြိမ်မြောက် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းမှုကို ဦးနုရဲ့ ယုံကြည်မှုကို အသုံးချလို့ အပိုင်သိမ်းသွားခဲ့တာပါပဲ။

ဗိုလ်ချုပ်နေဝင်းဟာ တခြားကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့ လီနင်၊ မော်စီတုံး၊ ဟိုချီမင်း၊ နေရူး၊ ဆူကာနို စတဲ့ ခေါင်းဆောင်တွေနဲ့ မတူပါဘူး။ သူက ပထမဆုံး အာဏာကို အရင်ယူပါတယ်။ ဒုတိယအနေနဲ့ ပါတီထောင်လိုက်ပါတယ်။ ပါတီလမ်းစဉ်နဲ့ မူဝါဒတွေကို တတိယအဆင့်မှ ရေးဆွဲပါတယ်။ သူ့ရဲ့ လုပ်နည်းကိုင်နည်းက တခြားခေါင်းဆောင်တွေနဲ့ ပြောင်းပြန် အာဏာကို အရင်သိမ်းတာမို့ သူ့ကို အာဏာငမ်းဖမ်းသူလို့ နာမည်ပေးကြတာ ဖြစ်ပါတယ်။

(၃၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် ပါတီထူထောင်ဖို့ တာဝန်ဟာ ကြီးလေးမှန်းသိတာမို့ အဲဒီတာဝန်ကို သူ့ရဲ့ညာလက်ရုံးလည်းဖြစ်၊ အာဏာသိမ်းဖို့ အစီအစဉ်ကို တရက်စောပြီး စီစဉ်ခဲ့ရတဲ့ ဗိုလ်မှူးကြီးသန်းစိန် (QMG) ကို ပေးအပ်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ အမည်ပေး ကြေညာပြီး တည်ထောင်ခဲ့တယ်။

ဗိုလ်မှူးကြီးသန်းစိန်ဟာ အဲဒီအလုပ်တာဝန်ကို သူ့အိမ်မှာ ဆောင်ရွက်ခဲ့တယ်။ နောင်မှာ သမ္မတဖြစ်လာမယ့် ဗိုလ်ချုပ်စန်းယုရဲ့ စစ်ဘက်စိတ်ပညာအရာရှိလည်းဖြစ်တဲ့ ဦးကိုကိုမောင်လို့လည်း ခေါ်ကြတဲ့ ဦးချစ်လှိုင်ဟာ ရေးဆွဲရာမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ်အဖွဲ့ဝင် တယောက်ကတော့ လူသေရင် လူပြန်ဖြစ်တယ်ဆိုတဲ့ နာမည်ကျော်ဘုန်းကြီး  တောင်တွင်းရှင်ဥက္ကဋ္ဌ ဖြစ်တယ်။

ပထမပိုင်းမှာ ဦးချစ်လှိုင်က အဓိကနေရာမှာ ပါဝင်ရေးဆွဲခဲ့ပြီး ဆိုရှယ်လစ်ဝါဒကို ပါတီရဲ့ ပဓာနအတွေးအခေါ်အဖြစ် အခြေခံထားခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းထံ တင်ပြတဲ့အခါ သူက အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ရေးထားသမျှ အခြေခံသဘောတရားတွေကို လွှင့်ပစ်ပြီး ငြင်းပယ်ခဲ့တယ်။ သူက ဘာပြောခဲ့သလဲဆိုတော့ .. "မာ့က်စ်ဝါဒ ဆိုရှယ်လစ်ဝါဒ ဘာတခုမှ မလိုချင်ဘူး.. ငါ ဘာလုပ်မှာလဲဆိုတော့ ငါ့ဝါဒနဲ့ငါလုပ်မယ် ... ဒါပဲကွ" ။ ဒါဟာ ဗိုလ်နေဝင်း စေခိုင်းခဲ့တဲ့ သူ့ပါတီရဲ့ အတွေးအခေါ် သဘောတရားပါပဲ။

ရှေးလူကြီးတွေ ပြောခဲ့ကြသလိုပါပဲ… ဘုရင်ရဲ့ နှုတ်ထွက်စကားဟာ ဥပဒေပါပဲ။ အခုလည်း ဒီနေရာမှာ အတူတူပါပဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဟုတ်ပါဘူး၊ နေဝင်းဆိုရှယ်လစ်ပါတီပဲ မဟုတ်လား။ အဲဒီနောက် သူတို့အုပ်စုက နောက်တခေါက် ထပ်ရေးခဲ့ကြပြီး ဒီတခါတော့ ပါတီရဲ့ အတွေးအခေါ်က သဘာဝပတ်ဝန်းကျင်နဲ့ အညမည သဘောတရားဆိုပြီး နေဝင်း ဆိုရှယ်လစ်ဝါဒကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပြီး စစ်အာဏာရှင် တဦးတည်းရဲ့ အမိန့်အာဏာနဲ့ ဆက်လျှောက်ခဲ့ကြပါတော့တယ်။

(၃၂) ဇူလိုင် ၇ ရက် ကျောင်းသား သွေးမြေကျခြင်း (ဆဲဗင်းဂျူလိုင်)

တနိုင်ငံလုံးဟာ ဗြောင်းဆန်အောင် ရှုပ်ထွေးနေတုန်း စစ်အာဏာသိမ်းပြီး ၄ လ အကြာမှာ ကျောင်းသားဆူပူမှု ရန်ကုန်မြို့တော်မှာ ဖြစ်ပွားခဲ့တော့တယ်။ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်း ပရိဝုဏ်ကို စစ်တပ်က ဝိုင်းပတ်လိုက်ကြတယ်။ အဲဒီနောက်တော့ စစ်သားတွေဟာ ဆန္ဒပြကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ တွေ့တဲ့နေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာဟာ အဓိပတိလမ်းမကြီးပေါ်သာမက အဆောင်တွေထဲထိအောင် ရက်ရက်စက်စက် ပစ်ခတ်ခဲ့တာမို့ ကျောင်းသားပေါင်း ရာချီ သေဆုံးခဲ့ရတာဟာ ဗိုလ်နေဝင်းရဲ့ ပွဲဦးထွက် လူသတ်ပွဲကြီးပဲ ဖြစ်တော့တယ်။ အဲဒီနောက်တော့ စစ်ဆင်ရေးရဲ့ ရှေ့တန်းမှူး ဗိုလ်မှူးကြီးစိန်လွင်နဲ့ နည်းဗျူဟာ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ကြီးတို့ဟာ သမိုင်းဝင် တက္ကသိုလ်ကျောင်းသား အဆောက်အဦကိုတကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ တိုင်းတပါး ကျွန်မခံလိုတဲ့ စိတ်ဓာတ်၊ကိုယ်ပိုင်လွတ်လပ်ရေးအတွက် တိုင်းချစ်ပြည်ချစ် အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းအောင်း သန္ဓေတည်ရာ ဝမ်းကြာတိုက်နဲ့တူသလို ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ကိုရာရှစ်၊ ကိုဘဟိန်း၊ ကိုဘဆွေနဲ့ တခြား ကျောင်းသားခေါင်းဆောင် မြောက်မြားစွာကို မွေးထုတ်ပေးခဲ့ရာ သမိုင်းဝင်ဌာနကြီး နောက်နေ့မှာ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ် မဟုတ်ပါလား။ သူတို့ဖျက်ဆီးခဲ့ကြတာဟာ ဗိုလ်အောင်ကျော် အထိမ်းအမှတ်လေးသာ ကျန်ရစ်ခဲ့တော့တယ်။

တော်လှန်ရေးကောင်စီက တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကောလိပ်ကျောင်းတွေ အကုန်လုံးပိတ်လိုက်ကြောင်း ရေဒီယိုကနေ ကြေညာခဲ့တယ်။ နောက်ပိုင်းခေတ်မှာ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားလာခဲ့တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဘယ်သူဖြိုဖျက်ခဲ့သလဲဆိုတဲ့ အကြောင်းဟာ စစ်အုပ်စုအတွင်းကနေ ဒီကိစ္စ ပြန်လည်ပေါ်ထွက်လာခဲ့တယ်။ အဖြေက အထက်မှာ ရေးပြခဲ့သလို အလွန်ရှင်းလင်းပါတယ်။ ဗိုလ်နေဝင်းရဲ့ လက်ရာ ခြေရာတွေဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ သစ္စာခံနောက်လိုက် ဒေါက်တာမောင်မောင်က သူက သမ္မတအဖြစ်နဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို အတူတူ ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင် ကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ကျောင်းသားတွေက လက်မခံခဲ့တော့ပါဘူး။ ကျောင်းသားတွေက ကျောင်းသားတွေကို သတ်ခဲ့သူလည်းဖြစ်၊ ကရင်ခေါင်းဆောင် စောဘဦးကြီးကို သတ်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်စိန်လွင်ကို သားသတ်သမားလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) မှာ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီးဘဝမှာ ဗိုလ်စိန်လွင်ဟာ တပ်ကြပ်အဆင့်သာ ရှိပါတယ်။

အဲဒီနောက်တော့ ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်ပြီး အရှိန်ရတော့တယ်။ ရှိရှိသမျှ နိုင်ငံရေးပါတီတွေကို တရားမဝင်ကြောင်း ကြေညာခဲ့တယ်။ ဘဏ်လုပ်ငန်းတွေ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေ အပါအဝင် စီးပွားရေးလုပ်ငန်းကြီးတွေ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့တယ်။ ကျောင်းသားခေါင်းဆောင် အများစုဟာ အဖမ်းအဆီးခံခဲ့ရတယ်။ ကျနော်တို့ မန္တလေး ကျောင်းသားခေါင်းဆောင်တွေလည်း ၂ လလောက် တိမ်းရှောင်ခဲ့ကြရတယ်။ စာရေးသူကိုယ်တိုင်လည်း အတန်းဖော်သူငယ်ချင်း ဂုဏ်ထူးဦးသိန်းနိုင်တို့အိမ်ရှိရာ မုံရွာတဖက်ကမ်း စလင်းကြီးမှာရှိတဲ့ ကျေးလက်တောရွာပိုင်းဖြစ်တဲ့ တန်ဘူးဘက်ကို တိမ်းရှောင်ခဲ့ရတယ်။ သူတို့ဟာ… လအနည်းငယ်ကြာပြီးတဲ့နောက် မိဘတွေရဲ့ တာဝန်ခံမှု ရယူပြီး ကောလိပ်တွေကို ပြန်ဖွင့်ပေးခဲ့တယ်။

အပိုင်း (၁၆) ဆက်ရန် ......

(The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေးကသောင်းကနင်းများ” အမည်နဲ့  မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။)

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013