DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအဖွဲ့များအပေါ် သစ္စာမမဲ့၊ ကိုယ်လွတ်မရုန်းဟု မွန်ပြည်သစ်ခေါင်းဆောင် ကတိပြု
DVB
·
February 14, 2018
တော်လှန်ရေးအဖွဲ့များအပေါ် သစ္စာမမဲ့၊ ကိုယ်လွတ်မရုန်းဟု မွန်ပြည်သစ်ခေါင်းဆောင် ကတိပြု
Donate to DVB

 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးနဲ့ ပဋိပက္ခဒဏ်ကို ခါးစည်းခံနေရတဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် သစ္စာမမဲ့၊ ကိုယ်လွတ်မရုန်းမှာ မဟုတ်ဘူးလို့ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်က ကတိပြုပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ  မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။

“ပြည်ထောင်စုရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်စနစ်ကို ခုချိန်ထိ တန်းတူ မခံစားကြရသေးတဲ့အတွက် ပြည်တွင်းစစ်မီးဟာ မငြိမ်းနိုင်သေးဖြစ်နေရတာပါ။ အခုချိန်ထိ အန်စီအေ ဖြစ်စဉ်မှာ မပါဝင်နိုင်သေး၊ ပါဝင်ခွင့်မရသေးတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးနဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ခါးစည်းခံနေ ရသေးတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ရှိပါသေးတယ်။ ကျနောတို့ ကိုယ်လွတ်မရုန်းပါဘူး။ သစ္စာမမဲ့ဘူးဆိုတာ အခိုင်အမာ ပြောပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေးသမားတွေအားလုံးကို တိုင်တည် သစ္စာဆိုပါတယ်။ ဒါဟာ ကျင့်ဝတ်အရသစ္စာပြု တာဝန်ခံမှု သာမက နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေအားလုံး အကျိုးမခံစားဘဲ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိဘဲ၊ NCA လက်မှတ် ထိုးရုံနဲ့ ပြီးပြည့်စုံမယ်လို့ မျှော်လင့်မထားဘူး”

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟာ အပစ်အခတ်ရပ်စဲရေးမှာ အခြေခံပြီး လုံခြုံရေးစနစ် တခုလုံး ပြုပြင်ပြောင်းလဲရေး (SSR) အထိ အကျုံးဝင်တယ်၊ ဒီမျက်နှာစာတခုတည်းနဲ့ ငြိမ်းချမ်းရေးဟာ မပြည့်စုံပါဘူး၊ တဖက်နဲ့ တဖက် တိုက်ခိုက်ချေမှုန်းတဲ့ လက်နက်တွေကို ထိန်းချုပ်ရုံ၊ ဖြုတ်သိမ်းရုံနဲ့ ပြဿနာတွေ ပဋိပက္ခတွေ မပြေလည်ဘူး။ တဖက်နဲ့တဖက် ရန်ပြုတိုက် ခိုက်ချေမှုန်းစရာ မလိုတော့တဲ့ အခြေအနေရောက်အောင် ဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေးဟာ တည်မြဲမှာ ဖြစ်တယ်လို့လည်း နိုင်ထောမွန်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးတာဟာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက်အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်မယ့် လမ်းစဖြစ်လာမယ်လို့ မျှော်လင့်တယ်။ NCA ဟာပန်းတိုင်မဟုတ်ဘဲ။ နိုင်ငံရေးပြဿနာကို အဖြေရှာမယ့် လမ်းကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

အန်စီအေလက်မှတ်ထိုးတာဟာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးနှစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားအတွက်ကွက်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်တဲ့အကြောင်း အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား ညီနောင်တွေနဲ့ရော၊ မထိုးထားသေးတဲ့ ညီနောင်တွေနဲ့ပါ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ စိတ်ရှည်ရှည်ထားပြီး အန်စီအေမှာ အားလုံး ပါဝင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့နဲ့ သဘောထားကြီးမှုရှိရှိနဲ့ ထိုးစစ်ဆင်နေတာတွေကို အမြန်ဆုံးရပ်စဲဖို့လည်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013