
နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ် စည်ပင်သာရွာမှာ ဒီနေ့မနက် ၈ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။
ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက “လတ်တလော သိရသလောက်ကတော့ ကံထူးမောင် ဆိုတဲ့ ကလေးက ၄၀-မမ လို့ ယူဆရတဲ့ ဗုံးသီးဟောင်းကို ရလာပြီး ကြောက်ကြောက်လန့်လန့်နဲ့ ယူလာပြီး မီးပုံထဲကို ပစ်ချလိုက်တယ်။ အဲဒီမှာ ပေါက်ကွဲတော့ ကလေးနှစ်ယောက် ဒဏ်ရာရပြီး ခုတင် ၁၀၀၀ ဆေးရုံမှာ တင်ထားရပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
စည်ပင်သာရွာ၊ ကြပ်မြှောင်တဲစုမှာ အခင်းဖြစ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကတော့ အတည်ပြုချက်ရဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။











