DVB Logo
Home
Lead Story
ဂျက်အင်ဂျင်နဲ့ စီးပွားရေး
DVB
·
February 13, 2018
ဂျက်အင်ဂျင်နဲ့ စီးပွားရေး
Donate to DVB

ယမန်နှစ် ဒီဇင်ဘာလ ၉ ရက်က ကုန်သွယ်စက်မှုအသင်းချုပ် ညီလာခံကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံမှာ စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တွေကို ပညာရှင်တွေ တင်ပြသွားတာကို ကြားရတဲ့အခါ မြန်မာ့စီးပွားရေးအတွက် ရင်လေးစရာ ဖြစ်နေတာကို တွေ့ရပါတယ်။

အထူးသဖြင့် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ရဲ့ သုံးသပ်ချက်ပါပဲ။ သူ့သုံးသပ်ချက်ကို ကြားရတဲ့အခါ မကြားသေးခင်က မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီး သုံးသပ်ပြောဆိုတာနဲ့ တခြားစီ ဖြစ်နေတာကို ကြားရတဲ့အတွက် လက်ရှိကုန်ဈေးနှုန်းတွေ မိုးထိနေတဲ့ကြားမှာ နေရတဲ့ ပြည်သူတယောက်အဖြစ် ဘဏ္ဍာရေးဝန်ကြီးရဲ့ သုံးသပ်ချက်ကို ပြုံးမိပါတယ်။

မကြာသေးခင်က ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့ရာမှာ မကြာမီအတောတွင်း မြန်မာ့စီးပွားရေးဟာ အမြန်ဆုံး တိုးတက်သွားလိမ့်မယ်။ ဂျက်အင်ဂျင် တပ်လိုက်သလို အမြန်ဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်မှုရလဒ်ကို ခံစားရလိမ့်မယ်လို့ ကြွားသွားတဲ့အချိန်မှာ အောက်ခြေလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းတွေ မိုးထိအောင်တက်နေတဲ့ အခြေအနေကို ရင်ဆိုင်ရတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ တပ်မတော်နဲ့ ရင်ကြားစေ့ရေးမူကို ချမှတ်ပြီး စီးပွားရေးမူကို ခိုင်ခိုင်မာမာ မချမှတ်နိုင်သေးပါဘူး။

တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကိုလည်း ထက်ထက်သန်သန် မတည်ဆောက်နိုင်သေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဟာလည်း ဦးသိန်းစိန် အစိုးရကထက် ဘာမှ မထူးခြားလာပါဘူး။ ဒီအချိန်မှာ ရခိုင်ပြဿနာလို အမှောင့်ပယောဂတွေကလည်း ဝင်လာ၊ အနောက်အုပ်စုရဲ့ ဖိအားကလည်း ပိုကြီးလာ၊ ကုလသမဂ္ဂကလည်း ခြေခြေမြစ်မြစ် လေ့လာစုံစမ်းမှုနဲ့ ဖြစ်စဉ်အမှန်ကို နားမလည်တာတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ဆိုးသထက် ဆိုးလာတယ်လို့ ကောက်ချက်ချရမှာပါပဲ။

ဒီအချိန်မှာ ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ ကုန်သည်စက်မှုအသင်းချုပ် ညီလာခံမှာ ပညာရှင်တွေရဲ့ ဆွေးနွေးချက်ထဲမှာပါတဲ့ ဒေါက်တာဦးမြင့်ရဲ့ သုံးသပ်ချက်က အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီမှာ ဒေါက်တာဦးမြင့်က ဘယ်လို သုံးသပ်တင်ပြသွားလဲဆိုရင် မြန်မာနိုင်ငံဟာ အခုအတိုင်းသာ စီးပွားရေးမူဝါဒတွေကို ကျင့်သုံးပြီး လုပ်ဆောင်နေမယ်ဆိုရင်တော့ အန်အယ်လ်ဒီအစိုးရ သက်တမ်းကာလအတွင်း လာအိုနိုင်ငံကိုတောင် အမီမလိုက်နိုင်ဘဲ နောက်ကျကျန်ရစ်ခဲ့မယ်လို့ ပြောသွားတာကြောင့် ဝန်ကြီးပြောသွားတဲ့ ဂျက်အင်ဂျင်ကြီး မတပ်ဆင်ရသေးတာလား၊ စက်ပျက်သွားတာလား ဆိုတာကတော့ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ အဲဒီဆွေးနွေးပွဲမှာ ဒေါက်တာဦးမြင့်က ဘယ်လိုပြောသွားသလဲဆိုရင်… “အတိုချုံးပြောရရင် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ နာမကျန်းဘူးလို့ ကျနော် ထင်ပါတယ်။ ဒီ စီးပွားရေး နာမကျန်းမှုကို ကုသဖို့ ဆရာဝန်နဲ့ ဆွေးနွေးရန်၊ ဆေးစစ်ရောဂါရှာဖွေရန်၊ ညွှန်ထားသည့် ဆေးသောက်ရန် စသဖြင့် လိုက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ သူက တိုင်းပြည်စီးပွားရေးကို သုံးသပ်ပါတယ်။

၁၉၄၈ မှ ယနေ့အချိန်ထိ နှစ်ခြောက်ဆယ်ကျော် မြန်မာနိုင်ငံရဲ့ ဂျီဒီပီကို လေ့လာရင် ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ ဂျီဒီပီ ကိန်းဂဏန်း နှစ်လုံးအထိ တိုးတက်မှု ငါးကြိမ်ရှိပြီး တိုးတက်မှု အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၇၀ မှ ၁၉၉၀ ကျော်အထိ ကိန်းဂဏန်း နှစ်လုံးကျော်ခဲ့တာ မရှိဘဲ ၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၁၀ အထိ ၁၁ နှစ်အထိ ကိန်းဂဏန်း နှစ်လုံးအထက် တိုးတက်မှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ၂၀ဝ၀ ပြည့်နှစ်မှာ နိုင်ငံသားတဦးချင်း ဂျီဒီပီမှာ ၁၉၃ ဒသမ ၂ ဒေါ်လာသာ ရှိခဲ့ပြီး အာဆီယံမှာ အောက်ဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ မှာ ကမ္ဘောဒီယားနိုင်ငံကို အမီလိုက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ တဦးချင်း ဂျီဒီပီမှာ ၁၃၀ဝ ခန့် ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၀-၂၀၂၁ အရောက်မှာ တဦးချင်း ဂျီဒီပီ ၁၈၃၂ ဒေါ်လာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ လာအိုနိုင်ငံရဲ့ ၂၀၁၅ နိုင်ငံသား တဦးချင်း ဂျီဒီပီမှာ ၂၁၅၉ ဒေါ်လာ ဖြစ်ပါတယ်။ ဒါ့အပြင် လာအိုမှာ နောင်ငါးနှစ်မှာ ဆက်လက်တိုးတက်ဦးမှာ ဖြစ်လို့ IMF ခန့်မှန်းထားတဲ့အတိုင်း တိုးတက်ခဲ့ရင် လက်ရှိ အစိုးရသက်တမ်းအတွင်းမှာ လာအိုကို အမီလိုက်နိုင်ဖို့ အလားအလာ နည်းနေတယ်လို့လည်း ပြောပါတယ်။

အဲဒီသုံးသပ်ချက်နဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့ ဂျက်အင်ဂျင်တပ်သလို အမြန်နှုန်းနဲ့ တိုးတက်မယ်ဆိုတဲ့ စကားကို နှိုင်းယှဉ်ပြီး မိမိဘဝအသိနဲ့ စဉ်းစားရင် အမှန်ကို သိနိုင်ပါတယ်။ ဒါပေမယ့် ခက်တာက အတိုင်ပင်ခံပုဂ္ဂိုလ်ရော ဝန်ကြီးတွေရောပါ ပါတီခေါင်းဆောင်တွေကရော လက်တွေ့နဲ့ကင်းကွာတဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေ ရှိနေတာက တိုင်းပြည် မတိုးတက်နိုင်တာပါပဲ။ မ.ဆ.လ ခေတ်ကလည်း ဆိုရှယ်လစ်စနစ် တည်ဆောက်မယ်ဆိုပြီး ပြည်သူပိုင်သိမ်းလိုက်တာ ကွမ်းယာဆိုင်ကအစ ကုန်စုံဆိုင်အဆုံး ပုဂ္ဂလိကပိုင်ဆိုင်တာ ဘာမှ ခွင့်မပြုတော့ပါဘူး။ အဲဒီကတည်းက စီးပွားရေး ကျဆင်းလာလိုက်တာ စစ်ဗိုလ်တွေပဲ ချမ်းသာသထက် ချမ်းသာလာတဲ့ အခြေအနေမျိုးကိုပဲ ရောက်ရှိလာပါတယ်။

ယခုလို ပညာရှင်တွေ သုံးသပ်တာကို အလေးထားရမှာ ဖြစ်သလို လက်တွေ့ကျတဲ့ ပြည်သူလူထုကို အကျိုးရှိစေမယ့် မူဝါဒတွေ ချမှတ်ပြီး စီးပွားရေးကို မှန်မှန်ကန်ကန် လုပ်နိုင်ရင်တော့ ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါတယ်။ ဒီလိုမှမဟုတ်ဘဲ ငါသိ၊ ငါတတ်၊ ငါပဲ လုပ်နိုင်တယ်ဆိုတဲ့ ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့လို ထင်ရာစိုင်းပြီး လုပ်နေရင်တော့ နှာခေါင်းကျည်ပွေ့ တွေ့ရပါလိမ့်မယ်။ ပြည်သူကို အခြေမခံတဲ့ အောက်ခြေလူတန်းစားဘဝနဲ့ ကင်းကွာတဲ့ အပြောအဆို၊ အပြုအမူတွေကို ဗိုလ်သိန်းစိန် အစိုးရ လက်ထက်က ပြုမူခဲ့သလို ယခုလည်း ဖြစ်လာတာကို တွေ့ရတယ်။

ယခုလည်း ကုန်သည်စက်မှုညီလာခံမှာ အဖွင့်စကားပြောသွားတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူး မိန့်ခွန်းကို ကြည့်လိုက်ရင် ယခင်စစ်အစိုးရခေတ်တွေတုန်းကနဲ့ မထူးဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံ အဖွင့်မိန့်ခွန်းမှာ ဦးအောင်ထူးက “သတင်းစာတွေ၊ စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျနော် သဘောမပေါက်တာ တခုရှိတယ်။ ဈေးကွက်စီးပွားရေးစနစ် ကူးပြောင်းနေပြီ။ ဒါပေမယ့် လူတွေက အစိုးရကိုပဲ ဘာကြောင့် အပြစ်တင်နေရတာလဲ။ ကုန်ဈေးနှုန်းတက်တာ၊ တခုခုဖြစ်တာနဲ့ ဟာ အစိုးရ အစိုးရ၊ ဒါဟာ ကျနော်တို့ရဲ့ Mind Set  က မပြောင်းလဲဘူးဆိုတဲ့သဘော ဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရ မဟုတ်ဘူး။ ဈေးကွက်ကို လွှမ်းမိုးတာ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့ ခေါ်တဲ့ ဈေးကွက်အင်အားစုတွေပဲ ဖြစ်တယ်။”

ကုန်ဈေးနှုန်းတက်တာ၊ ကျတာ၊ စီးပွားရေး တိုးတက်တာ၊ ကျဆင်းတာတွေဟာ အစိုးရနဲ့မဆိုင်ဘဲ ဈေးကွက်ကို လွှမ်းမိုးထားတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ စီးပွားရေးဒု-ဝန်ကြီးရဲ့ အမြင်ဟာ လူထုရဲ့သဘောထား မဟုတ်ဘဲ ဘောဂဗေဒပညာရှင်တွေရဲ့ သဘောထား၊ စီးပွားရေးပညာရှင်တွေရဲ့ အမြင်မျိုးသာ ဖြစ်နေတယ်။ အခြေခံလူတန်းစားတွေနဲ့ ကင်းကွာပြီး အစိုးရမှာ တာဝန်မရှိဘူးလို့ ငြင်းပယ်လိုတဲ့ အရင်ခေါက်ရိုးကျိုး သဘောထားသာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ရပါတယ်။

တယောက်ကလည်း ဂျက်အင်ဂျင်လို အမြန်နှုန်းနဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်မယ်လို့ ကြွားလိုကြွား၊ နောက်တယောက်ကလည်း စီးပွားရေး မတိုးတက်တာဟာ အစိုးရကြောင့် မဟုတ်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့ ခေါ်တဲ့ ဈေးကွက်အင်အားစုတွေကြောင့် ဖြစ်တာလို့ ပြောလိုပြော၊ ခေါင်းရှောင်လာတာကြောင့် ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာ ဘယ်လိုဆုံးဖြတ်ကြရမလဲ။ ပြည်သူလူထုက လက်ညှိုးထိုး အပြစ်ပြောနေတာ မဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေ ကျဆင်းတာမရှိဘဲ မတန်တဆ တက်နေတာရယ်၊ ထမင်းနပ်မှန်အောင် စားဖို့ ခက်ခဲလွန်းနေတာကြောင့် အာဏာရနေတဲ့၊ ပြည်သူကို တာဝန်ယူထားတဲ့ အစိုးရက ဖြေရှင်းပေးဖို့၊ ဖြေရှင်းမပေးနိုင်ရင် အစိုးရမှာ တာဝန်ရှိတယ်လို့ ရိုးရိုးသားသား တင်ပြနေကြတာပဲ ရှိတယ်။

ဝန်ကြီး ပြောသလို အစိုးရမှာ တာဝန်မရှိဘူးဆိုရင် ဝယ်လိုအားနဲ့ ရောင်းလိုအား ညီညွတ်မျှတအောင် ဘယ်လိုလုပ်ကြမလဲ။ မလုပ်နိုင်ရင် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ဖမ်းပြီး ထောင်ထဲ ထည့်ကြမှာလား။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှအောင် ဘယ်သူတွေက ဖန်တီးနေသလဲ။ စားသုံးသူတွေနဲ့ ကုန်သည်ပွဲစားတွေက ဖန်တီးနေကြသလား။ အဲဒါကို ကုန်ဈေးနှုန်းကျအောင်၊ ဝင်ငွေတိုးတက်အောင် တာဝန်ယူရမှာက ဘယ်သူလဲ။

ပြည်သူကတော့ မိမိတို့ ကြုံလာရတဲ့ အခက်အခဲတွေရှိရင် အစိုးရကိုပဲ ရင်ဖွင့်ကြရမယ်။ အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ ပြောဆိုရမှာပဲ။ လမ်းပေါ်သွားရင်း လမ်းလယ်ကချိုင့်ကို နင်းမိပြီး ခြေထောက်ကျိုးရင်လည်း စည်ပင်သာယာနဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့ စွပ်စွဲရမှာ သဘာဝပါပဲ။ လန်ဒန်လို မြို့ကြီးတွေမှာ အဲဒီလို ချိုင့်ကို နင်းမိလို့ မိမိပိုင်ပစ္စည်း ဆုံးရှုံးရင် အစိုးရကို တရားစွဲတဲ့အကြောင်း၊ ထိခိုက်ဒဏ်ရာရရင်လည်း အစိုးရကို လျော်ကြေးတောင်းတဲ့အကြောင်း ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိနေပါတယ်။

အရေးကြီးတာက တိုင်းပြည် အာဏာရလာတဲ့ ဘယ်အစိုးရမဆို အာဏာသိမ်းလို့ပဲ ရလာရလာ၊ လူထုက ယုံကြည်လို့ မဲထည့်ပြီးလို့ပဲ ရလာ ရလာ တိုင်းပြည်မှာ ဖြစ်နေသမျှ ကိစ္စတွေကို ဖြေရှင်းပေးရမှာက အစိုးရပဲ ဖြစ်တယ်။

တာဝန်ယူမှုနဲ့ တာဝန်ခံမှု မရှိရင် အစိုးရ လုပ်နေတာ ရှက်စရာကောင်းလိမ့်မယ်။ ဝန်ကြီးလုပ်နေတာလည်း တာဝန်မဲ့လွန်းတယ်လို့ ပြောရမယ်။ ရောဂါဘယ ထူပြောလာတယ်။ လုံလောက်တဲ့ ဆေးဝါးကုသမှု မရှိဘူးဆိုရင် ကျန်းမာရေးဝန်ကြီးမှာ တာဝန်ရှိတယ်။ အစိုးရမှာ တာဝန်ရှိတယ်။ ပြည်တွင်းစစ်ကြီးဖြစ်ပြီး ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ရင် ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ စစ်တပ်မှာ တာဝန်ရှိတယ်။

အဲဒီလိုပဲ အဲဒီဝန်ကြီးဌာနတွေကို အုပ်ချုပ်ရတဲ့ သမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာလည်း တာဝန်ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013