DVB Logo
Home
မြန်မာသတင်း
လာအိုကာစီနိုရုံများတွင် မြန်မာအလုပ်သမားများ သွားရောက်လုပ်ကိုင်နေ
DVB
·
February 12, 2018
လာအိုကာစီနိုရုံများတွင် မြန်မာအလုပ်သမားများ သွားရောက်လုပ်ကိုင်နေ
Donate to DVB

ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်းက ကာစီနိုရုံတွေ ဖွင့်လှစ်ထားတဲ့ China Town ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သွားရောက်အလုပ်လုပ်ကိုင်ဖို့ နေ့စဉ် သွားရောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လာအိုနိုင်ငံ ဘန်ထန်းကျေးရွာအနီးက China Town ဟာ ဧရိယာ မိုင် ၁၀၀ ပတ်ဝန်းကျင်ရှိပြီး တရုတ်လုပ်ငန်းရှင်တွေက လာအိုအစိုးရဆီ နှစ် ၁၀၀ စာချုပ်နဲ့ မြေငှားရမ်းပြီး ကာစီနိုရုံတွေအပြင် ခရီးသွားဖို့ နေရာတွေ ဖွင့်လှစ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အဲဒီ ကာစီနိုလောင်းကစားရုံတွေအနီးမှာ မြန်မာနိုင်ငံသားတွေဟာ ‘ရခိုင်’ရွာလို့ အမည်ပေးထားတဲ့ မြန်မာတွေ စုပေါင်းနေထိုင်တဲ့ ကျေးရွာတည်ပြီး စုပေါင်းနေထိုင်ကြတာဖြစ်ပြီး ကာစီနိုရုံတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ဟိုတယ် ကာစီနိုတွေမှာ အလုပ်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ဆောက်လုပ်နေတဲ့အတွက် ပြည်တွင်းက မြန်မာ အလုပ်သမားတွေ နေ့စဉ် သွားရောက်မှုတွေ ရှိနေတယ်လို့ မယ်ခေါင်မြစ်မှာ စက်လှေမောင်းနှင်သူ ဦးချစ်က ပြောပါတယ်။

“ဘယ်ခရီးသည် သွားလဲဆိုတော့ မိတ္ထီလာ၊ မြင်သာ၊ နဘဲကုန်း၊ ရေငန် အဲဒီကလာတဲ့ လူတွေက အများအားဖြင့် လာအိုက ရခိုင်ရွာကို သွားပြီး အလုပ်လုပ်ကြတယ်။ အဲဒီကနေ ကာစီနိုမှာ အလုပ်လုပ်ကြတယ်။ တယောက်တည်းဆိုရင် ၂၀၀။ တယောက်အထက်ကိုတော့ တယောက် ၁၀၀ ပဲ။ လာအိုလှေသမားကလည်း အဲဒီလိုပဲ။ ပုံမှန်ကတော့ မရှိဘူး။ ရှိတဲ့အခါလည်း လေး ငါး ရှစ်ဆယ်လောက် ရှိတယ်။ မရှိတဲ့အခါကျရင်လည်း နှစ်ဆယ်၊ သုံးဆယ်ပေါ့။ အခက်အခဲကတော့ နေထိုင်ခွင့်ကတ်။ ဒီက ၆ ရက်ပေးတယ်၊ လာအိုက ၅ ရက်ပဲ ပေးတယ်။ ၅ ရက်ပြည့်တာနဲ့ ပုန်းလျှိုးဝှက်လျှိုး ပြန်လာရတယ်။ ပြန်မလာဘူးဆိုရင် တောင်ကြားမှာ ဂိတ်တဂိတ် ရှိတယ်။ ဒီကသွားတဲ့လူတွေကို ဓာတ်ပုံရိုက်တယ်။ တယောက်ကို ၂၀ တောင်းတယ်။ နေထိုင်ခွင့်ကတ် ရှိလား၊ မရှိလား စစ်တယ်။ မရှိရင် အဲဒီမှာ ၅၀၀၊ ဒီမှာ ၁၀၀၀ တောင်းတယ်။”

လာအိုနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် မြန်မာအလုပ်သမားတွေဟာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ ရှိသလို လုပ်ငန်းရှင်ရဲ့ ထောက်ခံချက်နဲ့ ‘ရခိုင်’ကျေးရွာအတွင်း နေထိုင်ခွင့်စာအုပ်နဲ့ နေထိုင်ကြတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံသားတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတဲ့အတွက် အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံဘက်ခြမ်းက ဝမ်ပုံဆိပ်ကမ်းကို ပြန်လာတဲ့အခါ လာအို ရဲတွေရဲ့ မတရား ငွေကြေး အမြောက်အမြား တောင်းခံမှုတွေလည်း ရှိနေတာပါ။

လာအိုနိုင်ငံအတွင်းက ကာစီနိုလောင်းကစားရုံတွေကို သွားရောက် အလုပ် လုပ်ကိုင်သူတွေဟာ နေ့စဉ် လူဦးရေ ၂၅ ဦး ပတ်ဝန်းကျင် ရှိတယ်လို့ ဝမ်ပုံကျေးရွာက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ လ.ဝ.က မှူး ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီမှာတော့ မြန်မာနိုင်ငံသားတွေကို လာအိုဘက်ခြမ်းကို ၆ ညအိပ် ၇ ရက်ပေါ့ တီတီပီလက်မှတ်နဲ့ ခွင့်ပြုထားပါတယ်။ နေ့စဉ်ကတော့ ၂၅ ယောက် ရှိပါတယ်။ ဒီကသွားတဲ့အဖွဲ့တွေက ကာစီနိုမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေပဲ။ လာအိုကတော့ ၅ ညအိပ် ၆ ရက် ပေးပါတယ်။ တဦးကို ဝင်ကြေး ၂၀၀ ကျပ်ပါ။ လာအိုနိုင်ငံသားကတော့ နည်းပါတယ်။ ပျမ်းမျှကတော့ နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရှိတယ်။ ကျနော်တို့က တရားဝင် တီတီပီနဲ့ ပေးတဲ့အတွက် နှစ်နိုင်ငံရဲ့ သဘောတူညီမှုမှာလည်း ကျနော်တို့ဆီက ပေးတာ မြန်မာနိုင်ငံသား ၆ ညအိပ် ၇ ရက်ပါ။ အမှန်ကတော့ အတူတူပေးရမယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်မှာတော့ မြန်မာနိုင်ငံသားကို ၆ ညအိပ် ၇ ရက်၊ ကျနော်တို့ဆီကို လာမယ်ဆိုရင် လာအိုနိုင်ငံသားက ၅ ညအိပ် ၆ ရက်ပါ။”

လာအိုနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေဟာ နှစ်နိုင်ငံ တရားဝင် အလုပ်သမား MOU ထိုးထားခြင်း မရှိတဲ့အတွက် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေပြီး ဇန်နဝါရီလအတွင်း လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟာ ရခိုင်ကျေးရွာကို လာရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ကာစီနိုလောင်းကစားရုံအနီးက ရခိုင်ကျေးရွာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၃ သောင်းကျော် ရှိတဲ့အပြင် ရွှေတြိဂံဒေသတလျှောက် ရော်ဘာခြံနဲ့ ငှက်ပျော်ခြံတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေ အပါအဝင် လူဦးရေ ၁ သိန်းကျော် ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း - စောလှမင်း(တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013