ပုဂ္ဂလိက ရုပ်သံလိုင်းသစ်တခုကို ဖော်အဲဗားဂရုပ်က ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ အခုရက်ပိုင်းအတွင်း စတင် စမ်းသပ်ထုတ်လွှင့်နေပါတယ်။
အခမဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့ ချန်နယ်ဆဲဗင်း (Channel 7) ရုပ်သံလိုင်းသစ်ဖြစ်ပြီး ရုပ်သံလိုင်းသစ်ကို တီဗွီနှင့် ရိုးရိုး အင်တာနာရှိရုံနဲ့ အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်တယ်လို့ အမ်အာတီဗီဖိုး (MRTV 4) က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမျိုးမြတ်သူက ပြောပါတယ်။
အခု စမ်းသပ်ထုတ်လွှင့်နေတာဖြစ်ပြီး နောက်ပိုင်းမှာ ပုံမှန်ထုတ်လွှင့်သွားမယ့် ရုပ်သံလိုင်းသစ်လည်း ဖြစ်ပါတယ်။ အသက် ၄၅ အောက် အရွယ်တွေအတွက် အဓိကရည်ရွယ်ထုတ်လွှင့်မယ့် ဖျော်ဖြေရေးဦးစားပေး ရုပ်သံလိုင်းဖြစ်တယ်လို့ ဦးမျိုးမြတ်သူက ပြောပါတယ်။
“အသက် ၄၅ နှစ်အောက် အရွယ်တွေကို မှန်းပါတယ်။ အများစုကတော့ Entertainment အစီအစဉ်တွေ များမှာပါ။ သူကသီးခြားလိုင်းတလိုင်းပါ။ ပုဂ္ဂလိက လိုင်းတခုပါ။ Forever Group အနေနဲ့လုပ်တာပါ။”
နောင်ပုံမှန်ထုတ်လွှင့်တဲ့အခါ ၂၄ နာရီ ထုတ်လွှင့်တာမျိုး ဖြစ်လာနိုင်ပြီး အစီအစဉ်မျိုးစုံ ထုတ်လွှင့်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ ပုဂ္ဂလိကရုပ်သံလိုင်းတွေအဖြစ် ဖော်အဲဗားဂရုပ် (Forever Group)က အမ်အာတီဗီဖိုး (MRTV-4)နဲ့ ရွှေသံလွင်အုပ်စုပိုင် စကိုင်းနက် (Skynet) ရုပ်သံလိုင်းတို့ ထုတ်လွှင့်နေပြီး အခုတခါ ဖော်အဲဗားဂရုပ်က ချန်နယ်ဆဲဗင်း ရုပ်သံလိုင်းသစ် ဆက်လက် လုပ်ကိုင်ထုတ်လွှင့်လာတာပါ။










