DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအသင်း တည်ထောင်မည်
DVB
·
February 12, 2018
တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအသင်း တည်ထောင်မည်
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေကို စုစည်းပြီး တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအသင်း တည်ထောင်တော့မှာ ဖြစ်ပါတယ်။

အသင်းကို တလအတွင်း အပြီးဖွဲ့စည်းသွားမယ်လို့လည်း ကုန်သည်စက်မှု အသင်းချုပ် သတင်းမှာ ဖော်ပြပါတယ်။

ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေက လုပ်ငန်းကုမ္ပဏီတွေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုနိုင်မယ့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့တရပ်ကို ဖွဲ့စည်း တည်ထောင်ဖို့ ကုန်သည်စက်မှုအသင်းချုပ်နဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များ ဖေဖော်ဝါရီ ၉ ရက်မှာ ကနဦး သဘောတူခဲ့ကြပါတယ်။

အသင်းကို မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိတဲ့ ဒေသတွေမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေခြင်းကတဆင့် မြို့ပြနဲ့  ကျေးလက် ဘက်ညီတဲ့ ဖွံ့ဖြိုးမှုဖြစ်စေဖို့ ရည်ရွယ်ပြီး တည်ထောင်မှာ ဖြစ်တယ်လို့  ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းက “ပထမအဆင့်အနေနဲ့ နိုင်ငံတော်အဆင့်အသင်းအဖြစ် ဖွဲ့စည်းမှာပါ။ လူမျိုး ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံရဲ့ မည်သည့်တိုင်းရင်းသား လုပ်ငန်းရှင်မဆို အသင်းဝင်အဖြစ် ပူးပေါင်းပါဝင်နိုင်ပါတယ်။ အသင်းကို တလအတွင်း ဖွဲ့နိုင်အောင် ကျနော်တို့ ဆောင်ရွက်မယ်” လို့ ပြောပါတယ်။

အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်ကလည်း “တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့၊ အဂတိလိုက်စားမှုကို အားမပေးတဲ့ စီးပွားရေးပုံစံကို တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ “အသင်းချုပ်အနေနဲ့ တိုင်းရင်းသား စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း ခိုင်မာစွာ တည်ထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီသွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဒေသအလိုက်၊ လူမျိုးအလိုက် ညီနောင်အသင်းများ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။

အသင်း စတင်ဖွဲ့စည်းတဲ့အခါ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပါဝင်ပူးပေါင်းကြဖို့ ကြေညာပေးမှာ ဖြစ်တဲ့အကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြိုတင်အသိပေး ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013