
မြန်မာနိုင်ငံမှာ လာမယ့် ၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်က မဂ္ဂါဝပ် ၆၀၀၀ ဖြစ်ပြီး လက်ရှိ ထုတ်လုပ်နိုင်တာက မဂ္ဂါဝပ် ၃၀၀၀ ထောင်လောက်ပဲ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်ဖြန့်ဖြူးခွင့် ရထားတဲ့ ကုမ္ပဏီတွေနဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ အမြင့်ဆုံး ၃၂၀၀ မဂ္ဂါဝပ် ရှိပြီး ပျမ်းမျှပုံမှန်သုံးစွဲတာကတော့ ၁၅၀၀ မဂ္ဂါဝပ် ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မနေ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အမြင့်ဆုံးလျှပ်စစ်ထုတ်လုပ်မှုက ၂၈၃၆ ဒသမ ၃ မဂ္ဂါဝပ်ရှိပါတယ်။ လက်ရှိမှာတော့ သုံးစွဲဖို့ လိုအပ်သလောက် လျှပ်စစ်ကို ထုတ်လုပ်ပေးနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။
ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်တာဟာလည်း လာမယ့် ၂ နှစ်မှာ ကျဆင်းလာမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒါကြောင့် နောက်ထပ်လိုအပ်နေတဲ့ မဂ္ဂါဝပ် ၃၀၀၀ အတွက် သဘာဝ ဓာတ်ငွေ့ရည် (LNG) တင်သွင်းပြီးတော့ လျှပ်စစ်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၄ ခုနဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းက လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးတော့ လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေတာမှာ နည်းပညာအရနဲ့ နည်းပညာအရ မဟုတ်တဲ့ ဆုံးရှုံးမှု (Technical and Non- Technical Losses) က ၁၇ ရာခိုင်နှုန်းအထိ ရှိနေပြီး လျှော့ချနိုင်ဖို့နဲ့ မဟာဓာတ်အားလိုင်းစနစ်ကို အဆင့်မြှင့်တင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
ဒီနှုန်းအရဆိုရင် ဓာတ်အားဆုံးရှုံးမှုဟာ မဂ္ဂါဝပ် ၅၀၀ လောက်ရှိနေပြီး ဓာတ်အားစနစ် ရှုပ်ထွေးတာ၊ သက်တမ်းကြာမြင့်နေတဲ့ ပစ္စည်းတွေကို ပြင်ဆင်ဖို့ လိုနေတယ်လို့ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်က ပြောပါတယ်။
“အခု လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ဘယ်သူက ဘယ်ကဏ္ဍမှာ စိုက်ထုတ်သုံးစွဲရမယ်ဆိုတာ တိတိကျကျ ခွဲထားတာ မရှိဘူး။ ဥပမာ အရင်တုန်းကပဲ သွယ်ထားတဲ့ ကြိုးတွေက လဲလှယ်ဖို့ လိုနေပြီ။ ဒါကို အချက်အလက်နဲ့ တိတိကျကျဖော်ပြထားတာ မရှိတော့ ငြင်းခုန်စရာတွေ ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာ၊ သွယ်တန်းတာနဲ့ ဖြန့်ဖြူးတဲ့ ကဏ္ဍ ၃ ခုလုံးမှာ အားနည်းချက်တွေ ရှိနေပြီး ပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် တောင်နဲ့မြောက်တွေက မြို့နယ် ၅၈ ခုမှာ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိက ကုမ္ပဏီ ၂၇ ခုက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။











