
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ ဆင်းရဲချို့တဲ့စွာ ရပ်တည်နေရတဲ့ ဘိုးဘွားတွေအတွက် အားကိုးရာနေရာတခု လိုအပ်နေတယ်လို့ ရေးမြို့အခြေစိုက် လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။
ရေးမြို့နယ်အတွင်းမှာ အမှန်တကယ်ဆင်းရဲ့ချို့တဲ့ပြီး ထောက်ပံ့မှုနည်းပါးတဲ့ သက်ကြီးဘိုးဘွား ၁၀၀ နီးပါးလောက်ရှိနေပြီး မြို့နယ်အတွင်း ဘိုးဘွားတွေကို စောင့်ရှောက်မှုပေးတဲ့ ဂေဟာတွေနဲ့ ကျန်းမာရေးအတွက် လိုအပ်သလို စောင့်ရှောက်ပေးမှုမျိုး လိုအပ်နေတယ်လို့ ဆင်းရဲချို့တဲ့စွာ ရပ်တည်နေရတဲ့ သက်ကြီးဘိုးဘွားတွေကို လစဉ်ထောက်ပံ့မှုတွေ ပေးနေတဲ့ ရေးမြို့နှလုံးလှ လူငယ်အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးတင့်က က ပြောပါတယ်။
“အထောက်အပံ့နည်းတဲ့ သက်ကြီးဘိုးဘွားတွေကို အစိုးရအစီအစဉ်နဲ့ မြို့နယ်ကျေးရွာ ရပ်ကွက်အလိုက် သက်ကြီးဘိုးဘွားစောင့်ရှောက်မှု လုပ်ပေးသင့်တယ်။ သီတင်းကျွတ်တို့၊ သင်္ကြန်တို့မှာ ကန်တော့တာမျိုးထက်စာရင် ရပ်ကွက်မှာ တကယ်လိုအပ်နေတဲ့ သက်ကြီးဘယ်နှဦးရှိလဲ၊ ဘယ်အဖွဲ့တွေက ဒါကိုလုပ်နေသလဲ။ အခက်အခဲတွေကို မေးမြန်းပြီးတော့ တာဝန်ရှိတဲ့ အပိုင်းအနေနဲ့ အားပေးတာတို့၊ ကူညီစောင့်ရှောက်မှုပေးတာတို့၊ ကျန်းမာရေးနဲ့ပတ်သက်လို့ တခုခုဖြစ်လာလို့ရှိရင် ဆက်သွယ်ဆောင်ရွက်ဖို့ ဘိုးဘွားတွေအတွက် အားကိုးရာတခုအဖြစ် ရှိစေချင်ပါတယ်။ သက်ကြီးပူဇော်ပွဲဆိုပြီးတော့ ရာသီအလိုက် ပူဇော်ကန်တော့တာတွေ ရှိပေမယ့် အိမ်တိုင်ရာရောက် လိုက်လံကြည့်ရှုတဲ့ အစီအစဉ်မျိုးတော့ မတွေ့သေးဘူး” လို့ ဦးကျော်စိုးတင့်က ပြောပါတယ်။
နိုင်ငံတော်အစိုးရ အစီအစဉ်နဲ့ ရေးမြို့နယ်အတွင်းမှာရှိတဲ့ အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွား ၂၆၇ ဦးကို ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထောက်ပံ့မှုနဲ့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးကြပ်ပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် အိမ်တိုင်ရာရောက် ၃ လကို တကြိမ် ငွေကျပ် ၃၀၀၀၀/- စီ ထောက်ပံ့ပေးနေတာမျိုးလည်း ရှိပါတယ်။
ရေးမြို့အခြေစိုက် နှလုံးလှလူငယ်အဖွဲ့အနေနဲ့ အသက် ၇၀ နဲ့အထက် အမှန်တကယ် ထောက်ပံ့မှုနည်းပါးစွာ ရပ်တည်နေရတဲ့ ဘိုးဘွား ၂၃ ဦးကို ၂၀၁၆ ခုနှစ်ကစလို့ လစဉ်ငွေကျပ် ၁ သောင်း၊ ဆန်(၆)ပြည်နဲ့ အာဟာရအပါအ၀င် ထောက်ပံ့ပစ္စည်းတွေ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးအပ်နေပါတယ်။
ဝင်းနိုင်သက် (ရေး)











