DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဆေးရုံများ ပြင်ဆင်စရိတ် မတင်ပြသဖြင့် မပေးခြင်းဖြစ်၊ ဘဏ္ဍာငွေ အများပြားကျန်ရှိနေ
DVB
·
February 10, 2018
ပြည်သူ့ဆေးရုံများ ပြင်ဆင်စရိတ် မတင်ပြသဖြင့် မပေးခြင်းဖြစ်၊ ဘဏ္ဍာငွေ အများပြားကျန်ရှိနေ
Donate to DVB

ပြည်သူ့ဆေးရုံတွေအနေနဲ့ ပြင်ဆင်စရိတ်တွေတင်ပြမလာကြလို့ ပေးလို့မရဘူး ဖြစ်နေပြီး ဘဏ္ဍာငွေ အများကြီးကျန်သေးတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်း ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။

ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်ဆေးရုံရဲ့ဝန်ထမ်းအိမ်ရာ၊ သန့်စင်ခန်းတွေ၊ ဆေးရုံဝင်းထဲမှာ ရေဝပ်နေတာတွေကြောင့် လူနာတွေအတွက်မဆိုထားနဲ့၊ လူကောင်းတွေအတွက်တောင် အနံ့ဆိုးတွေက မသင့်တော်ဘူးလို့ မေးမြန်းခဲ့တာပါ။

ဝန်ကြီးဒေါက်တာ မြင့်ထွေးက “ဒီနေရာမှာ ပြန်ကြည့်တဲ့အခါမှာ ဘာကြောင့် ဒီလို ဖြစ်ရလဲ ဆိုရင် အမှန်တရားအတိုင်းပြောမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ဦးစီးမှူးတွေ၊ အထူးသဖြင့် ဒီဆေးရုံမှာလုပ်တဲ့ တိုက်နယ်ဆရာဝန်တွေမှာ တာဝန်ရှိပါတယ်။ တောင်းရမယ့် တာဝန်သည် သူ့တာဝန်၊ ပေးရမယ့် တာဝန်သည် ကျနော်တို့တာဝန်။ သူက မတောင်းတဲ့ အတွက် ကျနော်တို့က ပေးလို့မရဘူး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

တပြည်လုံးအတိုင်းအတာအရ ဆေးရုံတွေအတွက် ပြင်ဆင်စရိတ် ကျပ်သန်းပေါင်း ၂ သောင်းကျော် ပေးထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“ဆေးရုံတွေမှာ အကြီးစားပြင်ဆင်စရိတ်၊ အသေးစား ပြင်ဆင်စရိတ်ဆိုပြီး ကျနော်တို့ ထားပါတယ်။ ခုတင် ၅၀၀ ဆေးရုံဆိုရင် အခု ၁၇-၁၈ (ဘဏ္ဍာနှစ်)မှာ သိန်း ၆၀၀ ကနဦး ပေးထားပါတယ်။ အလားတူပဲ ကုတင် ၃၀၀ မှာ သိန်း ၅၀၀၊ အဆင့်ဆင့်ပေးတဲ့ခါမှာ နောက်ဆုံး တိုက်နယ် ဆေးရုံမှာတော့ ၁၀ သန်းပေါ့။ သိန်း ၁၀၀ ပေးထားပါတယ်” လို့ ပြောပါတယ်။

အခု ဘဏ္ဍာနှစ်မှာ ကုသရေး ဦးစီးဌာနအတွက် ပြင်ဆင်စရိတ် ကျပ်သန်းပေါင်း ၂၁၇၆၇ ပေးထားတာလို့လည်း ဝန်ကြီးက ပြောပါတယ်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာလည်း ပြင်ဆင်စရာတွေ အများကြီးရှိပြီး စရိတ် ကျပ်သန်းပေါင်း ၁၄၄၄၇ ပေးထားတယ်လို့ဆိုပါတယ်။ ပြင်ဆင်စရိတ်အတွက်တောင် အများကြီးကျန်နေပါတယ် လို့လည်း သူက ဆက်ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြင်ဆင်စရာရှိတာကို ပြည်နယ်နဲ့ တိုင်းဦးစီးမှူးတွေကို တင်ပြပြီး လိုအပ်တာကို ခွင့်ပြုမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013