DVB Logo
Home
မြန်မာသတင်း
ကေအိုင်အို အန်စီအေ မထိုးရသည့်အကြောင်းရင်း မှတ်တမ်းရုပ်ရှင် ဖြန့်ချိ (ရုပ်သံ)
DVB
·
February 10, 2018
ကေအိုင်အို အန်စီအေ မထိုးရသည့်အကြောင်းရင်း မှတ်တမ်းရုပ်ရှင် ဖြန့်ချိ (ရုပ်သံ)
Donate to DVB

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ တိုက်ပွဲတွေအဆုံးသပ်ရေး၊ ငြိမ်းချမ်းရေးရရှိဖို့ အစိုးရနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် အန်စီအေ (တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်) ကို ခုထိ လက်မှတ်မထိုးနိုင်သေးတဲ့ အကြောင်းရင်းနဲ့  ပတ်သက်ပြီး  ကချင်အနုပညာရှင် လူငယ်တစ်စုက ရုပ်သံမှတ်တမ်းတခု ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။

အဆိုပါ ရုပ်သံမှတ်တမ်းကို ANOTHER TRUTH အခြားတဖက်က အမှန်တရားလို့ အမည်ပေးထားပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနခန်းမမှာ ပြသဖြန့်ချိခဲ့ပါတယ်။

ကချင်လူငယ်တွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို လိုလားပြီး  ကေအိုင်အို နဲ့ အစိုးရတို့ အန်စီအေစာချုပ် လက်မှတ်မထိုးနိုင်တဲ့ အကြောင်းရင်းကို ရှုထောင့်အဘက်ဘက်မှ ရှာဖွေတင်ဆက်ကာ အဖြေရှာနိုင်ဖို့ ဒီရုပ်သံမှတ်တမ်းကို ထုတ်လုပ်ရခြင်းဖြစ်တယ်လို့ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ ကိုခွန်လီက ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးပွဲတွေ ရှေ့ဆက်မသွားနိုင်တာရယ်၊ ဘယ်ဟာတွေအခက်အခဲဖြစ်နေသလဲ၊ ဘယ်အပိုင်းတွေမှာ ညှိနှိုင်းရခက်နေသလဲ၊ အစိုးရဘက်က လိုက်လျောနိုင်တာဘာလဲ၊ တိုင်းရင်း သားတွေလိုချင်တာ ဘာလဲ၊ အဲဒါတွေကိုပေါ့ ကျနော်တို့က တဘက်တည်းရဲ့ အမြင်မဟုတ်ဘဲ            အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံတကာပညာရှင်တွေရဲ့ အမြင်တွေကို စုစည်းပြီး မြန်မာပြည် ငြိမ်းချမ်းရေး စိတ်ဝင်စားတဲ့သူတွေပါ ပိုသိအောင်၊ ဒီရုပ်သံကိုကြည့်ပြီးမှ တခြားနည်း လမ်းတွေများ ရှာတွေ့နိုင်မလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ ငြိမ်းချမ်းရေးအတွက် အကျိုးရှိမယ့် အဖြေတခုခုပေါ့။”

ရုပ်သံထုတ်လုပ်တဲ့အဖွဲ့ကို Sunkingdom လို့ အမည်ပေးထားပြီး ဒီထဲမှာ ကချင်တေးရေးဆရာ၊ အဆိုတော်၊ ငြိမ်းချမ်းရေး စိတ်ဝင်စားတဲ့လူငယ်တွေ ပါဝင်ကြောင်း၊  ရုပ်သံဖြစ်မြောက်ရေးအတွက် အချက်အလက်ရှာသူ၊ ရိုက်ကူးသူ၊ တည်းဖြတ်သူ စသဖြင့် တာဝန်ခွဲဝေကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်က စတင်ရိုက်ကူးထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံခြားသတင်းဌာနနဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေအတွက် ထိုင်းနိုင်ငံမှာ ဦးစွာပထမ လာရောက် ပြသပြီး အွန်လိုင်းမှလည်း ဖြန့်ချိကာ ပြည်တွင်းမှာလည်း ပြသနိုင်အောင် စီစဉ်မယ်လို့ ကိုခွန်လီက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ချင်းမိုင်တက္ကသိုလ်မှာ ပြသခဲ့ရာ နိုင်ငံခြားသတင်းမီဒီယာ၊ မြန်မာ့အရေးလေ့လာသူ နိုင်ငံခြားသားတွေ၊ ပညာလာသင်နေတဲ့ မြန်မာတက္ကသိုလ်ကျောင်းသူကျောင်းသားနဲ့ ထိုင်းတက္ကသိုလ်ကျောင်းသူကျောင်းသားတွေပါ လာရောက်ကြည့်ရှုလေ့လာပြီး လက်ရှိ ကချင်ပြည်နယ်တိုက်ပွဲအခြေအနေတွေပါ မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013