ယူအန်အက်ဖ်စီလမ်းကြောင်းဝေးကွာသဖြင့် ကေအိုင်အို တပ်ပေါင်းစုက နုတ်ထွက်
DVB
·
February 9, 2018

အစိုးရ၊ အပစ်ရပ်လက်မှတ်ထိုးတပ်ဖွဲ့တွေနဲ့ ယူအန်အက်ဖ်စီသွားတဲ့လမ်းကြောင်းက တဖြည်းဖြည်း ဝေးကွာလာလို့ ကေအိုင်အိုအနေနဲ့ တပ်ပေါင်းစုက နုတ်ထွက်ခဲ့တာလို့ ကချင်လွတ်မြောက်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။
ကေအိုင်အိုအဖွဲ့ ဘာကြောင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးတာလည်းဆိုတာကို ဖော်ပြထားတဲ့ Another TRUTH အခြားတဘက်က အမှန်တရားမှတ်တမ်းရုပ်ရှင်မှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
“အဓိကအချက်ကတော့ ယူအန်အက်ဖ်စီရဲ့ ဆောင်ရွက်ချက်တွေက မှားယွင်းလို့ မဟုတ်ပါဘူး၊ ယူအန်အက်ဖ်စီက ဘယ်လောက်ပင် ကြိုးစားသော်လည်းပဲ အစိုးရနဲ့ လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ သွားနေတဲ့လမ်းကြောင်းက တဖြည်းဖြည်းနဲ့ ယူအန်အက်ဖ်စီရဲ့ လိုလားချက်များနဲ့ ဝေးကွာလာတာကို ကျနော်တို့ ကြုံရ ခံရ အဲလို ခံစားရပါတယ်။ အဲဒီတော့ ယူအန်အက်ဖ်စီကနေ ဒီလို တဖြည်းဖြည်း တောင်းဆိုရာကနေ ရှေ့ဆက်သွားတဲ့ အစိုးရနဲ့ လက်မှတ်ထိုးပြီးသားအဖွဲ့များ process ဝေးကွာမှုကို ကျနော်တို့ ကြည့်လို့ရှိရင် ဒီ လမ်းကြောင်းက အမီလိုက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ဒီလိုပဲ သုံးသပ်ပါတယ်။
နောက်တချက်ကတော့ ယူအန်အက်ဖ်စီအနေနဲ့ တောင်းဆိုထားတဲ့အချက် ၉ ချက်အပေါ်မှာ အစိုးရက လိုက်လျောမှုမရှိဘူး၊ သို့သော်လည်းပဲ တပ်မတော်ရဲ့ မူ ၆ ချက်နဲ့ ၂၀၀၈ အရပဲ သွားရမယ်ဆိုတဲ့ အကြိမ်ပေါင်းများစွာ အစိုးရနဲ့ တပ်မတော်ထိပ်သီးခေါင်းဆောင်များရဲ့ ပြောကြားချက်တွေအရ ဆိုရင် ယူအန်အက်ဖ်စီကနေ ကြိုးစားလည်း လမ်းကြောင်းအရ မဖြစ်နိုင်တော့ဘူးလို့ ယူဆတယ်။”
Another TRUTH အခြားတဖက်က အမှန်တရား မှတ်တမ်းရုပ်ရှင်ကို ဖေဖော်ဝါရီ ၈ ရက်က ချင်းမိုင်မှာ ပြသခဲ့ပြီး ရုပ်ရှင်ထဲမှာ ကေအိုင်အိုအဖွဲ့ဖြတ်သန်းခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဖော်ပြထားပါတယ်။
မှတ်တမ်းရုပ်ရှင်ထဲမှာ လက်ရှိ ယူအန်အက်ဖ်စီဥက္ကဋ္ဌ နိုင်ဟံသာက ကေအိုင်အိုတပ်ဖွဲ့ နုတ်ထွက်သွားတဲ့အပေါ် နားလည်ပေးနိုင်တယ်လို့ ပြောသွားပါတယ်။
“တို့ကလည်း နားလည်မှု ပေးပါတယ်။ ကေအိုင်အိုက ဟိုမှာ စစ်ရေးနဲ့ဖိတိုက်ခံနေရတော့ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ စုပေါင်းနိုင်ဖို့ပေါ့ဗျာ။ နောက် သူတို့ရဲ့ တည်နေရာအရလည်း တခြားအင်အားစုနဲ့ အလှမ်းဝေးနေတယ်။ အဲဒီ အနေအထားမျိုးမှာ သူတို့ရဲ့ ဘ၀အခြေအနေအရ မလွှဲသာမရှောင်သာ သူတို့ကို ကာကွယ်နိုင်ဖို့ သူတို့နယ်မြေ သူတို့ပြည်သူ သူတို့ရဲ့ ရပ်တည်ချက်ကို ကာကွယ်နိုင်ဖို့ သူတို့နဲ့ နီးစပ်တဲ့ အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ရမယ်ဆိုတဲ့ အနေအထားမျိုးပါ။ အဲဒီမှာ သူတို့ရဲ့ အခက်အခဲကို နားလည်ပြီး လက်ခံရတာပေါ့ဗျာ။”
ကေအိုင်အိုအဖွဲ့ဟာ သူတို့တပ်ဖွဲ့ ဦးဆောင်နေတဲ့ ယူအန်အက်ဖ်စီတပ်ပေါင်းစုကနေ ၂၀၁၇နှစ် နှစ်လယ်ပိုင်းမှာ နုတ်ထွက်ခဲ့ပြီး ၀တပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထဲ ၀င်ရောက်သွားပါတယ်။
ကျန်ရှိခဲ့တဲ့ ယူအန်အက်ဖ်စီတပ်ပေါင်းစုဝင် တပ်ဖွဲ့ ၄ ခုအနက် မွန်ပြည်သစ်ပါတီနဲ့ လားဟူတပ်ဖွဲ့တို့က အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ကြေညာထားပြီး တပ်ပေါင်းစုရဲ့ အနာဂတ်အတွက် အစည်းအဝေးတရပ်ကို မကြာခင်ရက်ပိုင်းအတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။