DVB Logo
Home
မြန်မာသတင်း
ဗိုလ်​မြတ်​ထွန်းတံတားတွင် မြန်မာစကား မတတ်သည့် ခိုးဝင်​ဘင်္ဂါလီ ၇ ဦး ဖမ်းမိ
DVB
·
February 9, 2018
ဗိုလ်​မြတ်​ထွန်းတံတားတွင် မြန်မာစကား မတတ်သည့် ခိုးဝင်​ဘင်္ဂါလီ ၇ ဦး ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး၊​ ညောင်​တုန်းမြို့နယ်​၊ ဗိုလ်​မြတ်​ထွန်းတံတား တိုးဂိတ်​မှာ ဖေ​ဖော်ဝါရီ ၈ ရက် ည​နေ ၆ နာရီအချိန်​လောက်က ပုသိမ်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ရွှေအိုရောင် စူပါကာစတန်ကားပေါ်ကနေ မြန်မာစကား လုံးဝမပြောတတ်တဲ့ ခိုးဝင်​ဘင်္ဂါလီ ၇ ဦးနဲ့ လိုက်ပါပို့ဆောင်သူ ၂ ဦးကို ဖမ်းဆီးရမိ​ခဲ့ပါတယ်။

ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဟာ သူတို့ နေထိုင်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာကနေ အဘာရီကျေးရွာကို စက်လှေနဲ့ ထွက်ခွာခဲ့တာဖြစ်ပြီး အဘာရီကျေးရွာကတဆင့် ၃ ရက်အထိ လမ်းလျှောက်ခဲ့ကာ ရခိုင်ပြည်နယ် အမ်းမြို့ကို ရောက်ရှိခဲ့တယ်လို့ ရဲစခန်း ထွက်ဆိုချက်တွေအရ သိရပါတယ်။

အမ်းမြို့ကိုရောက်ပြီး ပွဲစားဖြစ်သူ မောင်ဟင်းနဲ့တွေ့ကာ ရန်ကုန်မြို့ကို အရောက် တဦးကို ကျပ် ၁၆ သိန်းနဲ့ ပို့ဆောင်ပေးဖို့ ရန်ကုန်ရောက်မှ ငွေချေဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဘင်္ဂါလီတွေဟာ အမ်းမြို့ကတဆင့် ၁၅ ရက် ထပ်မံလမ်းလျှောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နားက ပဒန်းလမ်းခွဲသို့ ရောက်ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဧရာဝတီတိုင်း​ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “မ​ကွေးတိုင်း ပဒန်းလမ်းခွဲကနေ ကြံခင်းမြို့နယ်က အုတ်ပုံစစ်ဆေးရေးဂိတ်ကို ကျော်ပြီး ပုသိမ်-ရန်ကုန် ကားလမ်း ကန်ကလေးလမ်းဆုံကနေ ပုသိမ်ကို ကြုံရာကားစီးပြီး ရောက်လာတာပါ။ ထပ်ပြီး ပုသိမ်ကနေ ကားစီးလုံးလိုက် ငှားပြီး ရန်ကုန်ကိုအသွား ဗိုလ်မြတ်ထွန်းတံတားမှာ ဖမ်းမိတာ” လို့ ပြောပါတယ်။

ခိုးဝင်ဘင်္ဂါလီ ၇ ဦးမှာ အမျိုးသားတွေ ဖြစ်ကြပြီး ၁၆ နှစ်အထက် ၄ ဦးနဲ့ ၁၈ နှစ်အထက် ၃ ဦးတို့ ဖြစ်ကြပါတယ်။

လိုက်ပါပို့ဆောင်သူ မောင်ဟင်းကတော့ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ဝါးကုန်းကျေးရွာသား ဖြစ်ပြီး ပုသိမ်ကနေ ရန်ကုန်မြို့ကို ယာဉ်မောင်း ပို့ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း အောင်နိုင်ဦး (၄၉-နှစ်) ကတော့ ပုသိမ်မြို့ ၁၃ ရပ်ကွက် မှာနေထိုင်သူ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ညောင်တုန်းအမတ် ဦးကျော်ဆန်းက “ညောင်တုန်းမြို့နယ်မှာ တရားမဝင် ခိုးဝင်ဘင်္ဂါလီတွေကို ဖမ်းမိတာ ဒီလထဲတင် နှစ်ကြိမ်ရှိပါပြီ။ အထူးအားဖြင့် မသင်္ကာသူတွေ တွေ့မယ်ဆိုရင် ကားသမားတွေ အပါအဝင် ပြည်သူတွေက သက်ဆိုင်ရာကို သတင်းပေး ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်ပေးစေလိုပါတယ်´လို့ ပြောပါတယ်။

ညောင်​တုန်းမြို့နယ်​မှာ ​ခိုးဝင်​ဘင်္ဂါလီ ဖမ်းဆီးမိတာ ဖေဖော်ဝါရီလထဲမှာ ဒုတိယအကြိမ်​ ဖြစ်​​ပြီး​ ဖေ​ဖော်ဝါရီ ၃ ရက်ကလည်း ​ကုန်​ကားတစီးပေါ်မှာ တင်ဆောင်လာတဲ့ ခိုးဝင်​ဘင်္ဂါလီ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၉ ဦး၊ စု​စုပါင်း ၂၁ ဦးကို ဖမ်းဆီးရမိခဲ့သေးပါတယ်။

ဘင်္ဂါလီ ၇ ဦးကို တင်ဆောင်လာတဲ့ ယာဉ်​​မောင်း​အောင်​နိုင်​ဦးနဲ့ ဘင်္ဂါလီတွေကို  အမ်းမြို့ကနေ ရန်ကုန်အထိ ခေါ်​ဆောင်​လာတဲ့ ပွဲစား​ မောင်​ဟင်းတို့ကိုလည်း  ​ညောင်​တုန်းမြို့မ ရဲစခန်းက ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013