DVB Logo
Home
မြန်မာသတင်း
အင်းဒင်ရွာ၌ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်မြှုပ်နှံခံရဟု ရိုက်တာထုတ်ပြန်
DVB
·
February 9, 2018
အင်းဒင်ရွာ၌ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်မြှုပ်နှံခံရဟု ရိုက်တာထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ ၂၀၁၇ စက်တင်ဘာ ၂ ရက်နေ့က ရိုဟင်ဂျာ ၁၀ ယောက်ကို အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က သတ်ဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာ သတ်ဖြတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေ၊ တဦးချင်း သတင်းအချက်အလက်တွေနဲ့အတူ ပူးတွဲဖော်ပြထားပါတယ်။

ရိုက်တာသတင်းဌာနက ဒေသခံတွေကို မေးမြန်းရာမှာ အင်းဒင်ရွာမှာ နေအိမ်တွေ မီးရှို့တာ၊ ရိုဟင်ဂျာတွေအား သတ်ဖြတ်ကာ မြှုပ်နှံခဲ့တယ်လို့ ဝန်ခံ ပြောကြားထားချက်တွေကို လက်ခံရရှိထားပြီး ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့  အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆန်နေမှာ မဟုတ်ကြောင်း၊ အလွဲသုံးစားမှုတွေနဲ့ပတ်သက်တဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်းသက်သေတွေရှိရင် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ရိုက်တာ သတင်းမှာ ပြောထားပါတယ်။

"ကျနော်တို့အနေနဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်းသက်သေတွေရရင် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ရတယ်။ ပြီးတော့ ချိုးဖောက်မှုတွေရှိကြောင်း သက်သေအထောက်အထားတွေ မှန်မှန်ကန်ကန်တွေ့ရှိရင် ကျနော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေအတိုင်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွား မှာဖြစ်တယ်။ "

ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိုလည်း ရခိုင်သတင်းနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်စာရွက်စာတမ်းများ ရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

တပ်မတော်ဘက်ကလည်း ရုပ်အလောင်းတွေ မြှုပ်နှံထားတယ်ဆိုတာကို အမည်မဖော်လိုသူတဦးရဲ့ သတင်းပေးပို့တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကနဦး သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာစပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်းဒင်ရွာမှာ ရုပ်အလောင်းတွေ တွေ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်တဲ့ရက် မတိုင်ခင်တုန်းက အင်းဒင်ရွာက မောင်တောမြို့နယ်၊ လက်ထောက်ပညာရေးမှူး ဦးမြင့်စိုး၊ ကျောင်းဆရာသုံးဦးနဲ့ ရွာသားတဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဦးမြင့်စိုးနဲ့ ကျောင်းဆရာတယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီ ကျောင်းဆရာတွေနဲ့ ရွာသားတွေကို ဖမ်းဆီးချိန်ဟာ ရိုက်တာ သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းက ရဲအုပ် အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်ထွန်းခိုင်တို့ ပါဝင်တဲ့အဖွဲ့က စစ်ဆေး ဖော်ထုတ်ရာမှာ ဘယ်သူဘယ်ဝါ ဆိုတာ မခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့တဲ့အကြောင်း၊ ရုပ်အလောင်းတွေကို စိစစ်ဖော်ထုတ်ဖို့နဲ့ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် အဲဒီအဖွဲ့က ဆက်ပြီး စစ်ဆေး ဆောင်ရွက်နေတဲ့အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

၂၀၁၇ စက်တင်ဘာလဆန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအင်းဒင်ရွာက လူသတ်ဖြတ်မှု ဖြစ်စဉ် အချက်အလက်တွေကို ရိုက်တာသတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့ ကမှ ထုတ်ပြန်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ရိုက်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013