DVB Logo
Home
Lead Story
တရားရုံးတော်ရှေ့မှောက်ထိ အတင့်ရဲလာသည့် လက်မည်းကြီးများ
DVB
·
February 9, 2018
တရားရုံးတော်ရှေ့မှောက်ထိ အတင့်ရဲလာသည့် လက်မည်းကြီးများ
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ကို သတ်ဖြတ်ခဲ့တဲ့ ကြည်လင်းနဲ့ ကြံရာပါ အမှုတွဲအုပ်စုကို ရုံးထုတ်လာတော့ “ထမင်းဝအောင် စားထား” ဆိုတဲ့ စာတန်းပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူတစုက လာရောက်ဝန်းရံခဲ့ကြပြီး လူသတ်မှု ကျူးလွန်တာကို ထောက်ခံခဲ့ကြပါတယ်။ အဲဒီလူတစုဟာ “ထမင်းဝအောင် စားထား” ဆိုသည့် စာတန်းပါ အင်္ကျီကို ရုံးထုတ်လာသည့် သေနတ်သမား ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို လုံခြုံရေးရဲတပ်ဖွဲ့များ ဝန်းရံထားတဲ့အကြား တိုးဝှေ့ဝင်ရောက်ပြီး အားပေးနေတာကို သတင်းမီဒီယာများမှာ တွေ့မြင်ခဲ့ကြရပါတယ်။

အမှုရင်ဆိုင်နေရတဲ့ ကြည်လင်း၊ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ကလည်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းက ပြန်အထွက်မှာ သတင်းထောက်နဲ့ ရှေ့နေတွေကို “မင်းတို့ ထမင်းဝအောင်စားထား” လို့ ကြိမ်းဝါးခဲ့ပါသေးတယ်။

တရားရုံးဝင်းအတွင်းမှာ၊ ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ခြိမ်းခြောက်မှုသဘောဆောင်တဲ့ လာရောက်ဝန်းရံခဲ့တဲ့ လူတစုထဲမှာပါတဲ့ ကိုမြတ်ဖုန်းမိုရ်နှင့် ကိုတင်ဌေးအောင် (ခ) အကြီးကောင် ဆိုသူတို့ဟာ ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေတယ်လို့ ဆိုပြီး ဝင်ရောက် ရှာဖွေမှုတွေကြောင့် လူစုလူဝေး ဖြစ်ပေါ်စေခဲ့သူတွေလည်း ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် မျိုးချစ်သွေး ဓမ္မကွန်ရက်က ကိုမြတ်ဘုန်းမိုရ်နှင့် ကိုတင်ဌေးအောင်တို့ကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)/၃၄ နဲ့ အရေးယူခံရပြီး ထောင်ဒဏ်ချမှတ်ခဲ့ရပါတယ်။

ဒီလို ခြိမ်းခြောက်မှုမြောက်တဲ့ သဘောထားထုတ်ဖော်မှု၊ လူသတ်တဲ့ကိစ္စကို ထောက်ခံတယ်ဆိုတာဟာ အမှုလိုက်ရှေ့နေတွေကို ခြိမ်းခြောက်တာ၊ တရားသူကြီးကို  ခြိမ်းခြောက်တာ၊ တရားစီရင်ရေးကို ခြိမ်းခြောက်တာ၊ အမှုမှန်ပေါ်စေလိုတဲ့ မတရားမှုကို လက်မခံတဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ရေးကို ခြိမ်းခြောက်တာ ဖြစ်သလို တရားဥပဒေစိုးမိုးရေးကို အသေသတ်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ သဘောဆောင်နေတာမို့ အလွန်အန္တရာယ်ကြီးလှပါတယ်။

ဒါဟာ ကုစားလို့ မရနိုင်တော့အောင် အလွန်ပြင်းထန်တဲ့ အဆိပ်သင့် နှလုံးသားတွေနဲ့   မြန်မာ့နိုင်ငံရေးရေချိန်ကို မီးမောင်းထိုး ပြသလိုက်တာပါပဲ။ မိမိနဲ့ မိမိအဖွဲ့အစည်းအတွက်၊ မိမိအမျိုးအနွယ် မိမိဘာသာအတွက် တခြားသူတွေအပေါ် လူလူချင်း အကြမ်းဖက် သတ်ဖြတ်သုတ်သင်တာကို ထောက်ခံတယ်လို့ နေ့ခင်းကြောင်တောင် အတင့်ရဲစွာ ပြောဆိုလာတာဟာ၊ လူပုံအလယ်မှာ ရှက်ရမှန်း ကြောက်ရမှန်းမသိဘဲ ဝင့်ကြွားစွာ ပြောဆိုလာတာဟာ နောင်ကိုလည်း သတ်ကြ ဖြတ်ကြဟေ့လို့ တိုက်တွန်းနေတာ ဖြစ်သလို ... လူ့အဖွဲ့အစည်းကို စိန်ခေါ်ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ အမုန်းတရားတွေကို တရားဝင် မောင်းခတ်ဖြန့်ဖြူးလိုက်တာပါပဲ။

ဒီလို မိုက်မဲတဲ့ အပြုအမူ၊ အပြောအဆို အလုပ်အကိုင်များကို လုံးဝ လက်မခံထိုက်သလို၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဖို့ လိုပါတယ်။ တရားဥပဒေမစိုးမိုးအောင် ဒီလိုအန္တရာယ်စကား ဆိုလာတာ ကျူးလွန်တာကို လက်ပိုက်ကြည့် ခွင့်လွှတ်ထားရင်၊ နောင်မှာ အလားတူ သတ်ဖြတ်မှုတွေ ဖြစ်လာအောင် အားပေးရာ အလိုတူအလိုပါရာ ရောက်ပါလိမ့်မယ်။

ပြည်တွင်းဖြစ် အကြမ်းဖက်ဝါဒ

တကယ်တော့ ကိုမြတ်ဖုန်းမိုရ်နှင့် ကိုတင်ဌေးအောင် (ခ) အကြီးကောင် ဆိုသူတွေဟာ အသုံးချခံရတဲ့ တုတ်တချောင်းသာ ဖြစ်ပါတယ်။ တုတ်ချောင်းဆိုတာ ကိုင်ထားတဲ့လက် မရှိရင် အန္တရာယ်မပြုနိုင်ပါဘူး။ ဒါပေမယ့် ဆုပ်ကိုင်တဲ့လက်တွေက အားကောင်းရင် ကောင်းသလောက် တုတ်ချောင်းတွေကလည်း အန္တရာယ်ပိုရှိလာလေ့ ရှိပါတယ်။ တကယ့် တရားခံအစစ်က နောက်ကွယ်ကနေ အဆိပ်သွင်း အကွက်ချပြီး ငွေကြေးကအစ လိုအပ်ရာရာတွေ ထောက်ပံ့နေတဲ့ တုတ်ကိုင်တဲ့ လက်မည်းကြီးတွေ ဖြစ်ပါတယ်။

အထွေအထွေ အကျပ်အတည်းများစွာနဲ့ အပြောင်းအလဲကို ဖော်ဆောင်နေရတဲ့ မျက်မှောက်ခေတ် မြန်မာနိုင်ငံဟာ အကြမ်းဖက်ဝါဒ ၂ မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ …

၁) ပြည်ပကလာတဲ့ အကြမ်းဖက်ဝါဒ

၂) ပြည်တွင်းဖြစ် အကြမ်းဖက်ဝါဒတို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တနေ့တခြား ရှင်သန်ကြီးထွားပြီး အန္တရာယ်ပြုလာနေတဲ့ အကြမ်းဖက်ဝါဒ ၂ မျိုးကို ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်စိုက်ပျိုးခဲ့တဲ့ နောက်ကွယ်က ကြိုးဆွဲနေတဲ့ လက်မည်းကြီး ၃ စုံ၊ တနည်းအားဖြင့် တုတ်ကိုင်ထားတဲ့ လက် ၃ စုံရှိပါတယ်။

အဲဒီ တုတ်ကိုင်တဲ့ လက်မည်းကြီးတွေကတော့ ….

၁) နိုင်ငံတကာဆိုင်ရာ အစ္စလာမ်ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ

၂) အာဏာလက်လွှတ်ခဲ့ရတဲ့ အုပ်စုအနက်က မပြောင်းလဲလိုတဲ့ ခေါင်းမာဂိုဏ်း

၃) မျိုးချစ် ဘာသာချစ် အမည်ခံ မြန်မာနိုင်ငံသား လူမျိုးရေး ဘာသာရေး အစွန်းရောက်များ

ဒါကို ထင်ရှားတဲ့ ဥပမာပြရရင် လူမျိုးရေး မုန်းတီးမှု၊ ဘာသာခြား မုန်းတီး အာဃာတတွေ၊ မမှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်အောက်မှာ ရာစုနှစ်ချီပြီး လောင်မြိုက်ခဲ့လို့ ပေါက်ကွဲလုလု ယမ်းပုံကြီးနဲ့တူတဲ့ ရခိုင်ပြည်နယ် ပြဿနာ ဖြစ်ပါတယ်။  တရားဥပဒေ မစိုးမိုးမှုကို အခွင့်ကောင်းယူပြီး အမှတ် (၁) လက်မည်းကြီးဖြစ်တဲ့ ငွေကြေးဓန တောင့်တင်းပြီး အရှေ့အလယ်ပိုင်းဒေသ အာရပ်ကမ္ဘာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ မွတ်ဆလင်နိုင်ငံတွေက တုတ်ကိုင်တဲ့ လက်မည်းကြီးတွေဟာ အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်လို့ အမည်ပေးထားတဲ့ (အာဆာအဖွဲ့) တုတ်တချောင်းကို အဆိပ်သုတ်ပြီး သူတို့လိုအင်နဲ့ အကျိုးစီးပွားအတွက် ရခိုင်ပြည် မောင်တောဒေသမှာ အကြမ်းဖက်ဝါဒ အဆိပ်ပင်ကို မျိုးစေ့ချ စိုက်ပျိုးခဲ့ပါတယ်။

အမှတ် (၂) လက်မည်းကြီးဖြစ်တဲ့ အာဏာလက်လွှတ်ခဲ့ရတဲ့ စစ်အုပ်စုအနက်က မပြောင်းလဲလိုတဲ့ ခေါင်းမာဂိုဏ်းကတော့ အဲဒီအာဆာအဖွဲ့ ရခိုင်ပြည် မတိုက်ခိုက်ခင်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု ကျဆင်းစေဖို့နဲ့ ဒီမိုကရေစီစနစ်ကို လိုလားမြတ်နိုးကြတဲ့ မြန်မာပြည်သူပြည်သားတွေ အကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သွေးခွဲဖို့ လူမျိုးရေး မုန်းတီးမှု၊ ဘာသာခြား မုန်းတီးမှုတွေကို အရှိန်အဟုန်နဲ့ အဆိပ်လောင်းခဲ့ကြတာဟာ ရခိုင် ဘူးသီးတောင်၊ မောင်တော၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ အဓိကရုဏ်းတွေက လက်ညှိုးညွှန်ပြနေပါတယ်။

အမှတ် (၃) လက်မည်းကြီးဖြစ်တဲ့ မျိုးချစ်၊ ဘာသာချစ် အမည်ခံ မြန်မာနိုင်ငံသား လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များရဲ့ လက်ရာခြေရာတွေကတော့ “ထမင်းဝအောင်စားထား” လို့ ခြိမ်းခြောက်လာတဲ့ ပြဿနာနဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနားကို မြောက်ဦးမြို့တွင် ကျင်းပခွင့်မရတာကို အကြောင်းပြပြီး ဇန်နဝါရီ ၁၆ ရက်တွင် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ရာ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်ဦးမြို့ခံတွေ သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ ကိစ္စတွေက သက်သေခံနေပါတယ်။

အဲဒီ တုတ်ကိုင်တဲ့ လက်မည်းကြီး (၃) စုံရဲ့ ဘုံတူညီတဲ့ အချက်ကတော့ သူတို့ရည်မှန်းချက် ပြီးမြောက်ဖို့အတွက် အပြစ်မဲ့ ပြည်သူတွေရဲ့ဘဝကို အသုံးချ စတေးတတ်၊ ဖျက်ဆီးဆုံးရှုံးစေတတ်တာပါပဲ။ တုတ်ကိုင်တဲ့ လက်မည်းကြီးတွေဟာ မသိနားမလည်တဲ့ သူတွေကို လူမျိုးရေး၊ ဘာသာရေး မက်လုံးတွေ ပေးပြီး အတွေးအခေါ် အဆိပ်ခတ်ရာမှာလည်း ဘုံတူညီမှု ရှိပါတယ်။

တုတ်ကိုင်ထားတဲ့ လက်တွေဟာ အုံနဲ့ကျင်းနဲ့ တိုင်းပြည်ရဲ့ နယ်ပယ်အသီးသီးမှာ  အကျအန နေရာယူ ပြင်ဆင်ထားကြတာ မြင်သာပါတယ်။ နိုင်ငံအတွက် အလွန်အန္တရာယ် ကြီးမားလှတာမို့ အခုလို အသိဉာဏ်အားနည်းတဲ့ တုတ်ချောင်းတွေကိုသုံးပြီး နိုင်ငံရဲ့ အပြောင်းအလဲတွေ နှောင့်နှေးအောင် တိုင်းပြည်ရဲ့ ဒီမိုကရေစီအပင်ပျိုလေးရဲ့ အညွန့်ကျိုးအောင် ဝိုင်းရိုက်ဖျက်ဆီးနေကြတာမို့ တုတ်ကိုင်တဲ့ လက်များကို အမြန်ဆုံး ဖော်ထုတ် ရှုတ်ချ ဖယ်ရှားကြဖို့ လိုပါတယ်။

အသိဉာဏ် မဦးစီး အလုပ်အကိုင် အပြောအဆိုတွေ၊ အကြမ်းဖက်လက်နက်နဲ့ အဖြေရှာမှု၊ ထောက်ခံမှု၊ လှုံ့ဆော်မှု ဆိုတာတွေဟာ ပြည်တွင်းဖြစ် အကြမ်းဖက်ဝါဒ အဆိပ်ပင်ရဲ့ အကိုင်းအခက်များ ဖြစ်ပါတယ်။  ဒီအဆိပ်ပင်ကို ငယ်ရာက မကြီးထွားလာခင် ပြည်သူနဲ့ အစိုးရ ပူးပေါင်းပြီး အားလုံး ဝိုင်းဝန်းတားဆီးကြဖို့ လိုပါတယ်။

တားဆီးရာမှာလည်း တုတ်ကိုင်တဲ့လက်ကို မရှာနိုင်လို့ မမိတာမို့ တုတ်ကိုသာ ဒေါသတကြီး ပေါက်ပြခဲ့တဲ့ မြွေလိုတော့ မဖြစ်အောင် သတိပြုကြဖို့ လိုပါတယ်။ တုတ်ကို သိပ်အာရုံထားပြီး အချိန်မကုန်စေချင်ပါဘူး။ နောက်ကွယ်က တုတ်ကိုင်တဲ့ လက်မည်းကြီးတွေကိုသာ ရှာဖွေဖော်ထုတ်နိုင်ဖို့ ညီညီညာညာ ဝိုင်းဝန်းအားထုတ် ကြိုးပမ်းကြဖို့ လိုပါတယ်။ ကျုပ်တို့ ပြည်သူတွေရဲ့ တာဝန်က ခေါင်းဆောင်ကောင်းနောက်ကို ယုံကြည်မှုအပြည့်နဲ့ မမှိတ်မသုန် လိုက်ပါရုံပါပဲ။ တုတ်ကိုင်ထားတဲ့ လက်တွေရဲ့ ဆင်ကွက်တွေကို နားမယောင်မိဖို့ပါပဲ။ အမျိုး ဘာသာ အကြောင်းပြပြ၊ အချုပ်အခြာ ပြိုကွဲမယ် အကြောင်းပြပြ အတွေးမချော်မိစေဖို့ပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီကနေ့ သမိုင်းအညစ်အထေးတွေ အထပ်ထပ်နဲ့ ရုပ်ပျက်နေတဲ့ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အလွန်ရှားပါးလှတဲ့ ဆရာဦးကိုနီတို့လို အဖိုးတန် လူမှန် ဆုံးရှုံးရတာဟာ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ပါပဲ။ အမှန်တရားအတွက် စွန့်လွှတ်စွန့်စားရဲပြီး ဖိနှိပ် ဗိုလ်ကျမှုကို ထီမထင် တွန်းလှန်ရာမှာ အကြောက်တရားကင်းတဲ့ လူ့အဖိုးတန် လူမှန်တွေ နောက်ထပ်မဆုံးရှုံးစေဖို့  သိတတ် နားလည်တဲ့ ပြည်သူတိုင်းက ပြည်သူ့အစိုးရနဲ့ လက်ချင်းချိတ်လို့ ဝိုင်းရံစောင့်ရှောက် ကူညီဖို့လိုပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013