DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာန ၅ ခု တိုးချဲ့ဖွင့်လှစ်
DVB
·
February 9, 2018
ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာန ၅ ခု တိုးချဲ့ဖွင့်လှစ်
Donate to DVB

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာမှာ ဝေးလံပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ကျောင်းသား ကျောင်းသူတွေ အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့ စာစစ်ဌာန ၅ ခုကို တိုးချဲ့ဖွင့်လှစ်ပေးထားတယ်​လို့ အခြေခံပညာဦးစီးဌာနက  ဖေဖော်ဝါရီ ၈ ရက်မှာ  ပြောပါတယ်။

အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “ကလေးတွေ လာဖြေရတာ ဝေးတော့ ကလေးတွေရဲ့ အခက်အခဲတွေ မရှိရအောင် ကားစီးလာရတဲ့အခါကျတော့ အန္တရာယ်တွေ ဖြစ်မှာစိုးတော့ အခု စာစစ်ဌာနကလည်း ခွင့်ပြုပေးပါတယ်။ ပင်မကနေ သွားရတာ တအားဝေးတယ်ဆိုတော့ စာစစ်ဌာနတွေပေးတယ်” လို့ ပြောပါတယ်။

ပြည်နယ်ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားရာမှာ အကျဉ်းကျ ကျောင်းသား ၈ ဦးနဲ့ ကိုယ်အင်္ဂါ မသန်စွမ်းကျောင်းသား ၃ ဦး သက်ဆိုင်ရာ စာစစ်ဌာနတွေကနေ ဝင်ရောက်ဖြေဆိုကြမှာလို့ ပြောပါတယ်။

“အကျဉ်းဦးစီးဌာနမှာ အကျဉ်းကျနေတဲ့ ကျောင်းသား ၈ ဦး ရယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၃ ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်တယ်။ (အကျဉ်းကျကျောင်းသား) အကျဉ်းဦးစီးဌာနကတော့ ရိုးရိုးကျောင်းသားတွေနဲ့အတူတူ အ.ထ.က (၃) ဘားအံစာစစ်ဌာနမှာ လာပေါင်းဖြေမှာပါ။ မြဝတီက ကိုယ်အင်္ဂါမသန်စွမ်း ၃ ဦး ရှိတာပေါ့။ မြ၀တီ စာစစ်ဌာနမှာ ဖြေမယ်။ ကိုယ်အင်္ဂါ မသန်စွမ်းတွေကျတော့ အချိန်ပို မိနစ် ၃၀ ကို စာစစ်ဌာနက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ပေးဖြေမှာ” လို့ ပြောပါတယ်။

စာစစ်ဌာန ဖွင့်လှစ်ခွင့်ရရှိတဲ့အတွက် ကလေးတွေ ကားစီးရတဲ့ အန္တရာယ်အပြင် သွားလာရတဲ့ အချိန်တွေအစား စာကျက်ချိန်​ ပိုမိုရရှိတဲ့အတွက် အောင်ချက်ရာခိုင်နှုန်း ကောင်းလာနိုင်မယ်လို့ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နန်းဝင်းရွှေက ပြောပါတယ်​။

“ဒီစာစစ်ဌာန ရရှိတဲ့အတွက်ကြောင့် ကျမတို့က အများကြီး ဝမ်းသာပါတယ်။ မိဘတွေလည်း ထည့်ဝင်ရတာတွေ သက်သာသွားတယ်။ အောင်ချက်​ရာခိုင်နှုန်းကတော့ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် တိုးလာမယ်လို့ ထင်ပါတယ်။ ကိုယ့်ကျောင်းနဲ့ကိုယ် စာစစ်ဌာနနဲ့ ဖြေမှာဖြစ်တဲ့အတွက်​ကြောင့် အထိတ်တလန့်နဲ့ ဖြစ်စရာမလိုတော့ဘူး။ ကားမူးတဲ့ လူတွေလည်း အန္တရာယ်ကင်းသွားမယ်။ တခြားခရီးဝေးလည်း သွားရတာ မဟုတ်တဲ့အတွက်ကြောင့် သူတို့အတွက် စာကျက်ချိန် ပိုရသွားမယ်။ ပိုပြီးတော့ အောင်ချက်ကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။

တိုးချဲ့စာစစ်​ဌာန​တွေက ဘားအံမြို့နယ်​မှာ ဝဲကရင်​ အ.ထ.က၊ လှိုင်းဘွဲမြို့နယ်​မှာ ပိုင်​ကျုံ အ.ထ.က၊ ​ကော့ကရိတ်​မြို့နယ်​မှာ ​တောင်​ကြားအင်​ အ.ထ.က၊ မြဝတီမြို့မြို့နယ်​မှာ အ.လ.က (၁) အ.ထ.ကခွဲ၊ သံ​တောင်​ကြီးမြို့နယ်​မှာ သ​ပြေညွန့်​ အ.ထ.က ​ကျောင်း​တွေမှာ ခွင့်ပြု​ပေးခဲ့တာပါ။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ် ၇ ရက်နေ့မှာ စတင်ဖြေဆိုမှာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကရင်ပြည်နယ်အနေနဲ့ ခရိုင် ၇ ခုမှာ စာစစ်​ ဌာနပေါင်း ၃၇ ခုရှိသာရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ပြီး စာစစ်ဌာန ၅ ခု တိုးချဲ့ဖွင့်လှစ်ခွင့်ရတဲ့အတွက် စာစစ်ဌာနပေါင်း ၄၂ ခုမှာ ကျောင်းသား ကျောင်းသူ ၁၉၀၄၂ ဦး ဝင်ရောက်ဖြေဆိုမှာပါ။

မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်း (မဲဆောက်) ကျောင်းသား ​ကျောင်းသူတွေပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်​နယ်အစိုးရ စီစဉ်ပေးမှုနဲ့ မြဝတီစာစစ်ဌာနအသီးသီးမှာ ဝင်ရောက်ဖြေဆိုသွားမှာပါ။

ကရင်ပြည်နယ်အနေနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ဦးရေ ၁၆၀၃၁ ဦး၊ အောင်မြင်​သူ ၄၇၂၅ ဦး၊ ၆ ဘာသာ ၁ ဦး၊ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၂၂ ဦး၊ ၃ ဘာသာ ၄၉ ဦး၊ ၂ ဘာသာ ၁၄၁ ဦး၊ ၁ ဘာသာ ၈၁၄ ဦး၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၀၃၁ ဦး ရရှိခဲ့ပါတယ်​။

အောင်ချက်အနေနဲ့ ၂၉ ဒသမ ၄၇ ရာခိုင်နှုန်းရရှိပြီး၊ တိုင်းနဲ့ပြည်နယ်အလိုက် ၁၉ ခုမှာ အဆင့် ၁၄ ရရှိခဲ့ပါတယ်။ မြို့နယ်အလိုက် အောင်မြင်မှုအနေနဲ့ ကြာအင်းဆိပ်ကြီးက ပထမ၊ ဘားအံက ဒုတိယ၊ လှိုင်းဘွဲ့က တတိယ ရရှိခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013