“ခွန်တန် ပြေးလို့ မလွတ်ပါဘူး၊ မိမှာ သေချာပါတယ်” - သူရဦးအောင်ကို (ရုပ်သံ)
DVB
·
February 8, 2018

မိန်းမပျိုလေးတွေကို ပန်းဦးလွှတ်မှုနဲ့ နာမည်ကြီးနေတဲ့ ခွန်တန်ဟာ ထိုင်းနိုင်ငံကို တိမ်းရှောင်နေတယ်လို့သိရပြီး ဖမ်းဆီးနိုင်ဖို့မှာ ရာဇဝတ်ဘေး ပြေးမလွတ်ဘူးဆိုတဲ့ စကားလုံး အဓိပ္ပာယ် ပြင်ရမလိုဖြစ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
“ခွန်တန်က မြေပြင်သတင်းများအရ ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။ သူနဲ့ နောက်ပါအချို့နဲ့ ပေါ့လေ။ သူဘယ်လောက် ပြေးနိုင်မှာလဲ။ တသက်လုံး နေနိုင်မှာလား။ နေနိုင်ရင်နေပါစေ။ အဲဒီတော့ ထိုင်းဘက်ကိုလည်း ဟိုမှာရှိတဲ့ မြန်မာသံရုံးကတဆင့်၊ မြန်မာကောင်စစ်ဝန်ရုံးကတဆင့် ဒီသတင်းကိုတော့ On Ground မှာ လိုက်နေပါတယ်။ သူနဲ့ ကြံရာပါ လူတချို့ကိုလည်းပဲ သထုံမြို့နယ်တရားရုံးမှာ အမှု စွဲတင်ထားပြီး ဖြစ်ပါတယ်။ ထို့ကြောင့်ပေါ့လေ… ရာဇဝတ်ဘေး ပြေးမလွတ်ဘူးဆိုတဲ့ စကားလုံးကတော့ တကမ္ဘာလုံး သုံးတာပဲ။ မြန်မာနိုင်ငံမှာတော့ဖြင့် ရာဇဝတ်ဘေးက အချိန်ကာလတခုအထိတော့ ပြေးလို့လွတ်တယ်လို့ ပြောရမလား မသိပါဘူး။ တချို့ အမှုကြီးတွေတောင်မှ အခုထိ လွတ်နေသေးတာ ရှိတယ်။ အဲဒီ တကမ္ဘာလုံးသုံးတဲ့ စကားကြီးတောင်မှ အဓိပ္ပာယ်နည်းနည်း ပြင်ရမလို ဖြစ်နေပါတယ်။ ခွန်တန် ပြေးလို့ မလွတ်ပါဘူး။ မိမှာ သေချာပါတယ်။”
သာသနာရေးဌာနအနေနဲ့တော့ခွန်တန်ကို ပုဒ်မ ၂၉၅(က) သာသနာတော်ညှိုးနွမ်းစေမှုနဲ့ ထိရောက်စွာ အရေးယူမယ်လို့လည်းပြောပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ အလံတစ်ရာမှာ ဘာသာရေးအကြောင်းပြပြီး မိန်းမပျိုလေးတွေကို ပန်းဦးလွှတ်တဲ့ကိစ္စနဲ့ ခွန်တန်ကို အရေးယူဖို့ လုပ်နေတာဖြစ်ပါတယ်။