DVB Logo
Home
Lead Story
အန်အယ်လ်ဒီအစိုးရ ဘာတွေထပ်ပြောင်းဖို့ ကျန်နေသေးလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
February 8, 2018
အန်အယ်လ်ဒီအစိုးရ ဘာတွေထပ်ပြောင်းဖို့ ကျန်နေသေးလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရ တက်လာတာ အခုဆိုရင် ၂ နှစ်ရှိပါပြီ။ ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာသလို အပြောင်းအလဲတချို့လည်း လုပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး၊ ဒု-ဝန်ကြီးတချို့ ခန့်တာနဲ့ ဝန်ကြီးချုပ်တွေ အပြောင်းအလဲ လုပ်တာ၊ တိုင်းရင်းသားပါတီတခုကို ဒု-ဝန်ကြီး ကမ်းလှမ်းတာတွေ ရှိခဲ့သလို အန်အယ်လ်ဒီက ဦးဆောင်ပြီးတော့ တခြားပြုပြင်မှုတချို့၊ စီးပွားရေးနဲ့ပတ်သက်လို့ ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ဆွေးနွေးတာလည်း လုပ်ခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဘာတွေများ ထပ်ပြောင်းလဲဖို့ ကျန်သေးလဲဆိုတာကို ဆွေးနွေးမှာပါ။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တမ္ပဒီပ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အခု အန်အယ်လ်ဒီအစိုးရ သက်တမ်း ၂ နှစ်ရှိပြီ။ မနေ့ကဆိုရင်လည်း လွှတ်တော်သက်တမ်း ၂ နှစ် ပြည့်ပြီပေါ့။ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ကြွေးကြော်ခဲ့တယ်။ တချို့ ပြောင်းတာတွေ ရှိတယ်။ မပြောင်းနိုင်တာတွေလည်း ရှိတယ်။ အဲဒါတွေကို နောက်ထပ် ကျန်နေတဲ့သက်တမ်းမှာ ၂၀၁၈ ကိုလည်း အရေးကြီးတယ် ပြောကြတယ်။ အဲဒီတော့ အခုလုပ်တဲ့ ပြောင်းလဲမှုတွေက လုံလောက်လား၊ နောက်ထပ်ကော ဘာတွေ အရေးတကြီး ဆက်လုပ်ဖို့ လိုနေသေးလဲ။ ဆရာ့အနေနဲ့ စပြီး ဆွေးနွေးပေးပါဦး။”

ဒေါက်တာခင်ဇော်ဝင်း (ဒါရိုက်တာ၊ တမ္ပဒီပအင်စတီကျု)

“ကျနော့်အနေနဲ့ အကုန်လုံး အပြုသဘောဆောင်ပြီး ဖြေသွားပါမယ်။ ကျနော်တယောက်တည်း ခံစားရတာတင်မကဘူး။ ပြည်သူပြည်သားတွေအားလုံး ခံစားရတာမျိုး ကိုယ်စားပြုပြီး ပြောပါမယ်။ လုပ်စရာတွေက အများကြီးပဲ။ သက်တမ်းက ၂ နှစ်ရှိသွားပြီ။ လုပ်စရာတွေက အများကြီးကျန်သေးတယ်။ တကယ် တည့်တည့်ပဲ ဖြေရမယ်ဆိုရင်တော့ အားရစရာ မရှိသေးပါဘူး။ ဒါတွေကို တခုချင်း တန်းစီပြီး ပြောလို့လည်း ရတယ်။ နောက်တခုက ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ။ ငါတို့ချည်းပဲ ဦးဆောင်ပြီး ငါတို့အဖွဲ့နဲ့ပဲ လုပ်မှာလား ဒါမှမဟုတ် ပြည်သူကို ပါအောင်၊ တခြားပါတီတွေ၊ တခြားတိုင်းရင်းသားတွေ ပါအောင် လုပ်မှာလား။ အဲဒါကို ဒီနှစ်မှာ ဆုံးဖြတ်ရတော့မယ်။ ခုနကပြောတဲ့ အားမရစရာတွေကလည်း ဒီအပေါ်မှာ အများကြီး တည်နေပါတယ်။ အခုပြောတာကတော့ ဝန်ကြီးတွေ ပြောင်းတာနဲ့တင် မရပါဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတာကလည်း ပေါ်လစီ ဟုတ်တိပတ်တိ ပေါ်ပြီလား။ ဒါကို မေးစရာရှိတယ်။ တကယ် အပြုသဘောနဲ့ ပြောရမယ်ဆိုရင် အားရစရာ မရှိသေးတဲ့အတွက် နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး လိုပါသေးတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ပြည်ထောင်စုဝန်ကြီးတချို့၊ ဒု-ဝန်ကြီးတချို့ ထပ်ခန့်တာတို့၊ ပြည်နယ်ဝန်ကြီးချုပ် ပြောင်းတာတို့၊ တိုင်းရင်းသားပါတီတခုကို ဒု-ဝန်ကြီး ကမ်းလှမ်းတာတို့ အဲဒါနဲ့ပဲ အစိုးရရဲ့ လုပ်ငန်းစဉ်ကြီး ထိရောက်တဲ့ အစိုးရတရပ်ဖြစ်ဖို့ ဒါနဲ့ လုံလောက်ပြီလား၊ တကယ် အရေးတကြီး ဘာတွေ ထပ်ပြီးလုပ်ဆောင်ဖို့ ကျန်နေသေးလဲဆိုတာ ဆရာရန်မျိုးသိမ်းအနေနဲ့ ဆက်ဆွေးနွေးပေးပါဦး။”

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်)

“လက်ရှိအခြေအနေက လုံလောက်မှုမရှိဘူးလို့ သုံးသပ်တယ်။ လက်ရှိအစိုးရက အိုမင်းတဲ့အစိုးရလို ဖြစ်နေတယ်။ အဲဒီတော့ မြန်မာစကားမှာ ‘အိုမင်းမစွမ်း’ ဆိုတာ ရှိတယ်။ အိုမင်းလို့ပဲ မစွမ်းတဲ့အစိုးရ ဖြစ်နေသလားဆိုတာ ကျနော်တို့ သုံးသပ်ဖို့လိုပါတယ်။ အဲဒီတော့ ပြည်ထောင်စုဝန်ကြီး ၂၃ ယောက်ကို ကြည့်လိုက်တော့ အသက် ၇၀ ကျော်က ၉ ယောက်ရှိတယ်။ အသက် ၆၀ နဲ့ အသက် ၆၉ ကြားက ၁၁ ယောက် ရှိတယ်။ အသက် ၆၀ အောက်က ၃ ယောက်ပဲရှိတယ်။ အဲဒါကလည်း ဘာကိုပြနေလဲဆိုတော့ ကျနော်တို့တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ မျိုးဆက်ပြတ်တောက်မှုတွေ ဖြစ်နေတယ်။ နိုင်ငံရေးမှာလည်း မျိုးဆက်ပြတ်တောက်မှုတွေ ဖြစ်နေတယ်။ ဒီကိစ္စတွေကို အကြီးအကဲတွေ၊ ခေါင်းဆောင်တွေအနေနဲ့ အမြော်အမြင်ရှိရှိ စဉ်းစားနိုင်ဖို့ လိုအပ်တယ်။ တိုင်းပြည်ကို ပိုပြီးကောင်းမွန်တဲ့၊ ပိုပြီးထိရောက် အလုပ်ဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရား၊ ဥပဒေပြုရေးယန္တရား၊ တရားစီရင်ရေးယန္တရားတွေကို ဖော်ဆောင်ဖို့ ကြိုးစားတဲ့နေရာမှာ လူပုဂ္ဂိုလ်အပြောင်းအလဲလုပ်ရုံနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ မူဝါဒပိုင်း အပြောင်းအလဲတွေလည်း အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အထူးသဖြင့်တော့ နှစ်ပိုင်းပေါ့။ တပိုင်းက ဗဟိုချုပ်ကိုင်မှု မြင့်မားနေတဲ့ ကိစ္စရယ်၊ အဂတိလိုက်စားမှု ကျယ်ပြန့်နေတဲ့ ကိစ္စရယ်၊ ဒီနှစ်ခုကို လာမယ့် ၃ နှစ်အတွင်းမှာ ထိထိရောက်ရောက်နဲ့ စီမံခန့်ခွဲပြီး ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။”

အပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013