DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများ၏ တလဝင်ငွေ ကျပ် ၁ သောင်းခန့်သာရှိ
DVB
·
February 8, 2018
ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများ၏ တလဝင်ငွေ ကျပ် ၁ သောင်းခန့်သာရှိ
Donate to DVB

မသန်စွမ်းသူ ဦးရေ အမြင့်မားဆုံး ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူ တဦးရဲ့ ဝင်ငွေဟာ တလကျပ် ၁ သောင်းဝန်းကျင်သာ ရှိနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ရခိုင်ပြည်နယ်ဟာ မသန်စွမ်းသူ အများဆုံး ဖြစ်နေပြီး မသန်စွမ်းသူ ၅ ဒသမ ၃ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၁ သိန်းကျော် ရှိနေတယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တဲ့ မသန်စွမ်းသူများ ခြေတုတပ်ဆင်ပေးခြင်း အခမ်းအနားမှာပြောပါတယ်။

“သန်းခေါင်စာရင်းအရ မသန်စွမ်းသူဟာ ၁ သိန်းကျော် ရှိနေတယ်။ ရခိုင်ပြည်နယ်မှာ  ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဒါတောင်မှ အနည်းဆုံး သတ်မှတ်ထားတာ။ သန်းခေါင်စာရင်းကောက်တာ မပါတဲ့သူတွေ အများကြီးပဲ။ ရခိုင်မှာက မသန်စွမ်းသူတဦးရဲ့ ဝင်ငွေက တလမှ ၁ သောင်းပဲ ရှိတယ်။ ကျနော့်မှာ အထောက်အထားတွေ ရှိတယ်။ တလ ဝင်ငွေ ၁ သောင်း ဆိုတာ သူတို့ဘဝ ရပ်တည်ဖို့ဆိုတာ တော်တော်စဉ်းစားရမယ်ဗျ။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အခြေအနေတွေကို စစ်တမ်းကောက် လေ့လာကြည့်တဲ့အခါမှာ ဆိုးဆိုးဝါးဝါး နိမ့်ကျနေတယ်လို့လည်း ဆိုပါတယ်။

“ရခိုင်ပြည်နယ်ကို ရောက်လာတဲ့အခါ ပိုပြီးသိလာရတယ်။ မသန်စွမ်းတွေ ဘဝက ပိုပြီး ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းတမ်း ရုန်းကန်ရတာ တွေ့ရတယ်။  ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းလေ့လာတဲ့အခါမှာ ပိုပြီး ခံစားရပါတယ်။ စိန်ခေါ်မှုတွေ အရမ်းများတဲ့ ဒေသလည်း ဖြစ်နေတယ်”လို့ ဦးမြတ်သူဝင်းကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ မသန်စွမ်းသူတွေထက် အခွင့်အလမ်း ပိုနည်းနေတဲ့အပြင် အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ကြားပေးမှုတွေလည်း မရှိသလောက် ဖြစ်နေပါတယ်။

ဒီအခမ်းအနားမှာတော့ မသန်စွမ်းသူတွေကို ခြေတု ၄၈ ချောင်း တပ်ဆင်ပေးခဲ့တာပါ။ တိုက်ပွဲမှာဗုံးမှန်ပြီး ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဦးခင်ထွန်းမောင်က “တိုက်ပွဲဖြစ်လို့၊ ကျနော်မှာက တိုက်ပွဲမှာ ဗုံးမှန်သွားတာ။ ခြေထောက်နှစ်ဖက်လုံးကို ဖြတ်လိုက်ရတယ်။ အခုအချိန် အထိဆိုရင်တော့ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်နီးပါးရှိနေပြီ။ နိုင်ငံတော်က ထောက်ပံ့ကြေးကတော့ မရဘူး။ အခုရတာက ၂ လလောက်ပဲ ရှိသေးတယ်”လို့ ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူဦးရေ ၁၁၂၁၇၉ ဦးရှိပြီး အဲဒီအထဲမှာတော့ သွားလာလှုပ်ရှားရခက်ခဲသူ ၄၉၉၈၀ ဦး၊ အမြင်အာရုံ မသန်စွမ်းသူ ၆၅၅၇၆ ဦး၊ အကြားအာရုံ မသန်စွမ်းသူ ၄၀၆၆၀ ဦးနဲ့ ဉာဏ်အာရုံမသန်စွမ်းသူ ၅၄၅၅၀ ဦးတို့ ပါဝင်ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013