DVB Logo
Home
မြန်မာသတင်း
Valentine’s Day တွင် သမီးရည်းစားစုံတွဲများကို ဟိုတယ်၌ အချိန်ပိုင်းတည်းခိုခွင့်မပြု
DVB
·
February 8, 2018
Valentine’s Day တွင် သမီးရည်းစားစုံတွဲများကို ဟိုတယ်၌ အချိန်ပိုင်းတည်းခိုခွင့်မပြု
Donate to DVB

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day ချစ်သူများနေ့မှာ သမီးရည်းစားစုံတွဲတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဟိုတယ်တွေအနေနဲ့ အချိန်ပိုင်းတည်းခိုခွင့်ပေးရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူမယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဟိုတယ်တွေမှာ အချိန်ပိုင်းတည်းခိုမှုမရှိစေဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ရှောင်တခင်စစ်ဆေးသွားဖို့ ရှိတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။

“ကျနော်တို့ အဲဒီကိစ္စကို ရှောင်တခင်စစ်ဆေးဖို့ လုပ်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလိုနေ့မျိုး (Valentine’s Day) တွေမှာ အမျိုးကောင်းသားရော အမျိုးသမီးတွေရော ဒီလိုမျိုးနေရာတွေကို မသွားစေချင်ပါဘူး။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အချိန်ပိုင်း တည်းခိုတာတွေ ခွင့်မပြုဘူး။ တရားဝင်အိမ်ထောင်သည်တွေဖြစ်တယ်၊ ခရီးတကယ်သွားတဲ့ လူတွေဖြစ်တယ်၊ မှန်တယ်ဆိုရင်တော့ တည်းပေါ့နော်။ သမီးရည်းစားအတွဲတွေကိုတော့ အချိန်ပိုင်းတည်းခိုခွင့် မပြုဘူးဆိုပြီးတော့ ညွှန်ကြားထားပြီးသား” လို့ ပြောပါတယ်။

အမျိုးသမီးတွေအတွက် နစ်နာမှုတွေရှိပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ်စေဖို့ မြို့နယ် အထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ စည်ပင်သာယာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ဆေးမယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ညွှန်ကြားချက်ကို လိုက်မနာရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့အရေးယူမယ်၊ ဟိုတယ်ဆိုရင်လည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာ၊ လုပ်ငန်းကို ရပ်ဆိုင်းခံရမယ်။ လာရောက်တည်းခိုသူကိုတော့ အခြေအနေအပေါ်မူတည်ပြီး အရေးယူသွားမယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း ဟိုတယ်တချို့မှာတော့ အရင်ကတည်းက အချိန်ပိုင်းတည်းခိုတာကို ခွင့်မပြုထားကြောင်းနဲ့ လက်ခံမယ့်သူတွေကိုလည်း အထောက်အထားတွေကို သေချာစိစစ်ပြီးမှ လက်ခံထားတယ်လို့ အမည်မဖော်လိုသူ ဟိုတယ်မန်နေဂျာတဦးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တို့အတွက် လုံခြုံမှုရှိစေဖို့လည်း အချိန်ပိုင်းတည်းခိုခွင့် မပြုထားဘူးလို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြည်နယ်ရဲမှူး ၀င်းမြင့် ကပြောပါတယ်။

“ဒီလိုနေ့ကြီးခါကြီး အခမ်းအနားလုပ်တဲ့အချိန် အဖျက်အမှောက်လုပ်မယ့်သူတွေက လာပြီးတည်းခိုပြီး မလုပ်နိုင်အောင် ကြိုတင်ကာကွယ်ထားတဲ့ သဘောပေါ့။ လာတည်းတဲ့သူတွေက လူကောင်း လူဆိုး ဘယ်သူသိနိုင်မှာလဲ။ သူတို့မှာ သေနတ်တွေပါတယ်၊ မပါဘူး ဘယ်သူသိနိုင်မလဲ။ ဖြစ်ပြီးသွားတဲ့အခါကျမှ ဘယ်တည်းခိုခန်းတည်းပြီးတော့ လုပ်သွားလဲဆိုရင် လူ့အသက်ဆိုရင် ပြန်အစားထိုးလို့ မရတော့ဘူးလေ။ ဒါကြောင့်မို့ ဒီလို ဒီလိုတွေရှိတယ်ဆိုရင် လာမတည်းကြတော့ဘူးလေ” လို့ ပြောပါတယ်။

လက်ရှိ မော်လမြိုင်ခရိုင်မှာ ဟိုတယ် ၃၅ လုံးရှိပြီး မော်လမြိုင်မြို့မှာ ဆောက်လုပ်နေဆဲ ဟိုတယ် ၄ လုံးနဲ့ ထပ်မံဆောက်လုပ်ဖို့ လုပ်ငန်းလိုင်စင်တင်ပြထားတဲ့ ဟိုတယ် ၂ လုံးရှိတယ်လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013