DVB Logo
Home
မြန်မာသတင်း
ပြွန်တန်ဆာမြို့ ကျေးရွာချင်းဆက်လမ်း ရေတိုက်စား၊  ဒေသခံများ သွားလာရေး အခက်တွေ့
DVB
·
February 8, 2018
ပြွန်တန်ဆာမြို့ ကျေးရွာချင်းဆက်လမ်း ရေတိုက်စား၊  ဒေသခံများ သွားလာရေး အခက်တွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မှာ ဂျို့ပင်ကျေးရွာနဲ့ ဇလုတ်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့လမ်း ရေတိုက်စား ပြိုကျလာတာကြောင့် လမ်းခရီး သွားလာရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်မြို့နယ် ဆည်မြောင်းဦးစီးဌာနက အေးရွာ-ဝင်္ဂဘော်-ဝရုံကုန်-စံဖဲ စတဲ့ ကျေးရွာတွေမှာ နွေရာသီ စပါးစိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၇ ဒီဇင်ဘာလပိုင်းက ရဲနွယ်ချောင်းကနေ ရေနုတ်မြောင်းတခု ဂျို့ပင်ရွာနဲ့ ဇလုတ်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းကို ပြွန်လုံးချကာ လာရောက်တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

ပြွန်တူးဖော်တဲ့နေရာမှာ မခိုင်ခံ့တာကြောင့် ၈ ပေအကျယ်နီးပါးရှိ မြေသားလမ်းဟာ ရဲနွယ်ချောင်းက တူးဖော်ထားတဲ့ ရေနုတ်မြောင်းရဲ့ ရေတိုက်စားတဲ့ဒဏ်ကို ခံရပြီး ပြိုကျလာခဲ့တာပါ။ အခုအချိန်မှာ လမ်းအကျယ်ဟာ ၂ ပေနီးပါးပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ဒီလမ်းကို ကျေးရွာ ငါးရွာက အဓိကထား သွားလာနေကြတာဖြစ်ပါတယ်။ ဂျို့ပင်ကျေးရွာက အ-ထ-က(ခွဲ) ကျောင်းကို အနီးအနားဝန်းကျင် ကျေးရွာတွေက စာလာသင်ယူတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဒေသတွင်းက ပြည်သူတွေဟာ လမ်းပျက်စီးမှုကြောင့် အခက်အခဲ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ဦးအေးမင်းက “ကျနော်တို့ရွာမှာ နာရေးကူညီမှု ကားလေးရှိတယ်။ ဟိုဘက်ရွာမှာ ကျန်းမာရေးမကောင်းတဲ့သူ ရှိရင် လူနာတင်ကားနဲ့ မြို့ပေါ်ကို လိုက်ပို့ပေးတယ်။ ခုလို လမ်းက ပျက်စီးပြိုကျနေတော့ ကားလည်း သွားလို့မရတော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတယ်။ ရွာမှာလည်း ညဘက်တွေ စာသင်တော့ ကျောင်းသားတွေ ညဘက် အိမ်အပြန် ချောက်ထဲ ပြုတ်ကျမှာ စိုးရိမ်နေရတယ်။ ဒီလမ်းရဲ့အောက်ဘက်မှာ ကုန်ထုတ်တဲ့ နင်းကြမ်းလမ်း ရှိတယ်။ သူလည်း ရေတိုက်စားလို့ ပျက်စီးသွားခဲ့ရပြီ”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဌာနကို စာတင်ပြီး အသိပေး အကြောင်းကြားခဲ့ပေမယ့် ခုချိန်ထိ လာရောက်ပြုပြင် ဆောက်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုဘိုလွင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ လာတုန်းက တင်ပြဖူးတယ်။ သူတို့က ဒါကို တံတားလုပ်မယ့်အတွက် ခေတ္တစောင့်ဆိုင်းပေးဖို့ ပြောတယ်။ နွေရာသီ စပါးသိမ်းချိန်ပြီးမှ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် အခုလက်ရှိ ခံစားနေရတာက ပြည်သူတွေပါ။ ကျန်းမာရေးအရ ဖြစ်စေ၊ ပညာရေးအရ ဖြစ်စေ အရမ်းခက်ခဲနေပါတယ်။ လမ်းပြိုကျပျက်စီးတာနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်က အချိန်မီ လာရောက်ပြုပြင်ပေးတာမျိုး မရှိရင် အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးဖို့ ပြည်သူတွေအနေနဲ့ စုပေါင်းလက်မှတ်ထိုးဝန်ကြီးချုပ်ကို စာတင်ပြသွားမယ်လို့လည်း သိရပါတယ်။

ရာသီပေါ် ဒေသထွက်ကုန်ဖြစ်တဲ့ ဖရဲ၊ သခွါး၊ ပဲ စတာတွေကို သယ်ယူ ပို့ဆောင်နိုင်ဖို့အတွက် လမ်းရဲ့အောက်ဘက် ရေနုတ်မြောင်းပေါ်မှာ နင်းကြမ်းတံတားတခုကို ကျေးရွာက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့ဖူးပါတယ်။ အဲဒီနင်းကြမ်းတံတားဟာလည်း ရေနုတ်မြောင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ပြီး ကုန်ထုတ်လုပ်ငန်းတွေမှာပါ ထိခိုက်နေရတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013