DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးမပေါက်သေးဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြော
DVB
·
February 7, 2018
အန်အယ်လ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးမပေါက်သေးဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြော
Donate to DVB

အန်အယ်လ်ဒီ ဦးဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး အားသွန်ခွန်စိုက် လုပ်ဆောင်နေပေမယ့် ခရီးမပေါက်နိုင်သေးဘူးလို့ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပြီး RCSS/SSA အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေး စတဲ့အဖွဲ့တွေ အားလုံးနဲ့  ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့တာ နှစ်ပေါင်း ၇၀ ရှိခဲ့ပေမယ့်လည်း ပြည်တွင်းစစ်ဖြစ်နေတာကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို မခံစားနိုင်သေးကြောင်း၊ ဒါကြောင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း RCSS က ကြေညာထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့မှာ မြန်မာအစိုးရ ကိုယ်စားလှယ်အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ၂ ဦး၊ အန်စီအေ လက်မှတ်ရေးထိုးထားကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အနက် ၇ ဖွဲ့မှ ကိုယ်စားလှယ်တွေ၊ ယူအန်အက်ဖ်စီ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့၊ မြောက်ပိုင်းမဟာမိတ်တပ်မှ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ ကိုယ်စားလှယ်တို့ တက်ရောက်ပြီး  သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားမှာ ရှမ်းပြည်တပ်မတော် စစ်သည်နဲ့ ရဲမေ ၁၀၀၀ ကျော်က ချီတက်စစ်ရေးပြပြီး ထူးချွန်စစ်သည်တွေကို ဆုပေးတာ၊ အမျိုးသားရေး လူမျိုးရေးတွေမှာ ထူးချွန်စွာဆောင်ရွက်ခဲ့တဲ့  လူမှုကူညီရေးအဖွဲ့၊ အနုပညာရှင်၊ တေးသံရှင်နဲ့ ပညာရည်ထူးချွန်ဆု ချီးမြှင့်ခဲ့သလို မကြာခင်က ထိုင်းနိုင်ငံ ပထုန်ဌာနီတက္ကသိုလ်မှ  အမ်အေဘွဲ့ရသူ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကို ဂုဏ်ပြုပွဲပါ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013