Homeမြန်မာသတင်း
အိန္ဒိယနယ်စပ်မြို့သို့ ၇ ရက် သို့မဟုတ် နေ့ချင်းပြန် ပတ်စ်ပို့ဖြင့် သွားလာခွင့်ပြုရန် ဆောင်ရွက်နေ
အိန္ဒိယနယ်စပ်မြို့သို့ ၇ ရက် သို့မဟုတ် နေ့ချင်းပြန် ပတ်စ်ပို့ဖြင့် သွားလာခွင့်ပြုရန် ဆောင်ရွက်နေ
DVB
·
February 7, 2018
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်တဲ့ တမူးမြို့နယ်ကနေ တဖက်နိုင်ငံ နယ်စပ်မြို့ကို ခုနစ်ရက် ပတ်စပို့ ဒါမှမဟုတ် နေ့ချင်းပြန် ပတ်စ်ပို့နဲ့ တရားဝင်ကူးသန်း သွားလာခွင့်ပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ပြည်သူ့လွှတ်တော်မှာ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းက တမူးမြို့က တဖက်နိုင်ငံ နယ်စပ်မြို့ကို တရားဝင် ကူးသန်းသွားလာခွင့်ရရှိဖို့ ဘယ်လို စီမံဆောင်ရွက်ပေးမလဲ ဆိုတာကို သိလိုကြောင်း မေးမြန်းခဲ့ရာမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသွားတာပါ။
မြန်မာနဲ့ အိန္ဒိယနိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီးပါက နယ်စပ် ဝင်ထွက်ပေါက်များကတဆင့် တရားဝင် သတ်မှတ်ပြီး နှစ်နိုင်ငံ နိုင်ငံသားများအား နယ်စပ် ဖြတ်သန်းသွားလာခွင့် လက်မှတ်တွေနဲ့ တရားဝင် ကူးသန်းသွားလာခွင့်ရှိပြီဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှ အိန္ဒိယဘက် သွားရောက်သူတွေဟာ သက်ဆိုင်ရာ အထောက်အထား လက်မှတ်တွေနဲ့ အိန္ဒိယနိုင်ငံ မိုးရေးသို့ နေ့ချင်းပြန် သွားရောက်ခွင့်ရှိပြီး အိန္ဒိယဘက်မှ လာရောက်သူတွေလည်း အထောက်အထား လက်မှတ်တွေနဲ့ မြန်မာနိုင်ငံ တမူးမြို့ထဲကို နေ့ချင်းပြန် ဝင်ထွက်ခွင့်ပြုနေကြောင်း သက်တမ်းရှိ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ဗီဇာရှိသူတွေကိုလည်း နိုင်ငံတော် သမ္မတရုံးခွင့်ပြုချက်နဲ့ ဝင်ထွက်သွားလာလို့ရအောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
မြန်မာနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်သွားလာရေး သဘောတူစာချုပ် ချုပ်ဆိုပြီး၊ နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးပြီးပါက ၁၃ ညအိပ် ၁၄ ရက်၊ ဒါမှမဟုတ် ၆ ညအိပ် ၇ ရက် ခွင့်ပြုပေးနိုင်တော့မှာ ဖြစ်တယ်။ MOU ရေးထိုးနိုင်ဖို့အတွက် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။