DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လူမျိုးတုံး သတ်ဖြတ်မှုသက်သေ မတွေ့ဟု အင်ဒိုနီးရှားသံအမတ်ပြော
DVB
·
February 7, 2018
ရခိုင်တွင် လူမျိုးတုံး သတ်ဖြတ်မှုသက်သေ မတွေ့ဟု အင်ဒိုနီးရှားသံအမတ်ပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲပြောကြားနေကြသလို လူမျိုးတုံး သတ်ဖြတ်မှုသက်သေ မတွေ့ရှိရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တွေ့ဆုံစဉ်မှာ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ထွက်ခွာတော့မယ့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး အီတိုဆူမာဒီက ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စွပ်စွဲမှုတွေဟာ မျှတမှုမရှိလို့  အင်ဒိုနီးရှားနိုင်ငံအနေနဲ့  မြန်မာနိုင်ငံဘက်က  ရပ်တည်နေတယ်လို့လည်း ပြောပါတယ်။

“ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်ဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသခံ လူမျိုးများနဲ့ ရွှေ့ပြောင်းနေထိုင်ကြတဲ့ လူမျိုးစုအကြား ပဋိပက္ခဖြစ်ပါတယ်။ နိုင်ငံတကာက စွပ်စွဲပြောကြားနေသလို  လူမျိုးတုံး သတ်ဖြတ်မှုအတွက် သက်သေတစုံတရာ မတွေ့ရှိရဘဲ ဒီလို စွပ်စွဲမှုများဟာ မျှတမှုမရှိဘူး။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်က ရပ်တည်လျက်ရှိပြီး ပဋိပက္ခဒဏ်ခံစားရတဲ့ ပြည်သူများအတွက် ယာယီခိုလှုံရေးစခန်းများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ် ပံ့ပိုးပေးလိုတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့  လူမှုရေးရာ စည်ပင်ဝပြောရေးတို့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့  ကူညီပေးလိုပါတယ်”

နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်တဲ့အခါ အစွန်းရောက် အကြမ်းဖက်သမားတွေ ပါမလာစေရေး သေချာစွာ စိစစ်သင့်တယ်လို့လည်း အင်ဒိုနီးရှားသံအမတ်က သတိပေးပါတယ်။

အင်ဒိုနီးရှားက ထောက်ပံ့တဲ့ ကန်ဒေါ်လာ ၂၈၆,၀၄၉ တန်ဖိုးရှိ အစားအစာနဲ့ တခြား လူသားချင်းစာနာကူညီမှုဆိုင်ရာ ပစ္စည်းတွေ လက်ခံရရှိပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်၊ သာယာကုန်းနဲ့ အနောက်ပြင်ကျေးရွာရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေကို ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲနဲ့ မြောက်ဦးမြို့နယ်ရှိ ပဋိပက္ခဒဏ် ခံစားရသူတွေကိုလည်း ကန်ဒေါ်လာ ၁၃,၃၂၀ တန်ဖိုးရှိ အစားအစာနဲ့ အဝတ်အထည်တွေ  ဖြန့်ဖြူးပေးခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စရက်နိုမာဆူဒီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်လာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်းမှာကတည်းက ရခိုင်ပြည်နယ်အတွင်း လိုအပ်နေတဲ့  လူသားချင်း စာနာမှု အကူအညီတွေ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပါဝင်ပံ့ပိုးပေးမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013