DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာလူမျိုး မည်သည့်သန်းခေါင်စာရင်းတွင်မျှ မရှိဟု လ.ဝ.က ဝန်ကြီး ပြောကြား
DVB
·
February 7, 2018
ရိုဟင်ဂျာလူမျိုး မည်သည့်သန်းခေါင်စာရင်းတွင်မျှ မရှိဟု လ.ဝ.က ဝန်ကြီး ပြောကြား
Donate to DVB

ရိုဟင်ဂျာလူမျိုး အမည်ကို မည်သည့်သန်းခေါင်စာရင်းတွင်မျှ မတွေ့ရကြောင်းနဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာလည်း  ရိုဟင်ဂျာလူမျိုး မပါရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်  ပြည်သူ့လွှတ်တော်မှာ မက်မန်း မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ အမတ် ဦးတင်အေးက တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာလူမျိုး မရှိကြောင်း ကမ္ဘာက သိရှိစေဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ထားသလဲ ဆိုတာ သိလိုကြောင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ လူမျိုးစာရင်း ကောက်ယူတာကို လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ လက်ထက် ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နဲ့ ၁၉၃၁ ခုနှစ်မှာ ကောက်ယူခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန် ၁၉၅၃-၁၉၅၄ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကိုလည်း ကောက်ယူခဲ့ကြောင်း၊ အဆိုပါ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာရဲ့ PART I – Provincial Totals of Races by Religion ပါ မှတ်တမ်းအရ ရိုဟင်ဂျာလူမျိုး အမည်ကို ဘယ်သန်းခေါင်စာရင်းမှာမှ မတွေ့ရဘူးလို့ ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူဖို့ မြန်မာနိုင်ငံမှာ aနထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု အမည်စာရင်းတွေ သတ်မှတ်ပြုစုရာမှာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ   ရိုဟင်ဂျာလူမျိုး မပါရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်မီဒီယာတွေ၊ ပုဂ္ဂလိကထုတ်ဝေတဲ့ မီဒီယာတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးအမည်ကို ထည့်သွင်း အသုံးမပြုဘဲ ရိုဟင်ဂျာလူမျိုးဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစာရင်းမှာ မပါဝင်ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီး ဖော်ပြဆဲ ဖြစ်တယ်။ မြန်မာသံအမတ်ကြီးတွေ၊ ယူအန်အဖွဲ့အစည်းတွေရှိ အမြဲတမ်းကိုယ်စားလှယ်ကြီးတွေကလည်း ဒီအသုံးအနှုန်း သုံးစွဲခြင်းကို အသိအမှတ်မပြုဘဲ အဲဒီလို သုံးစွဲလာသူတွေကို တရားဝင် ကန့်ကွက် ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုး အမည်မရှိကြောင်း ပြောဆိုနေပေမယ့် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ပြည်ပရှိ နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို သုံးစွဲနေတာ ဖြစ်ပါတယ်။  

ဓာတ်ပုံ-ပြည်သူ့လွှတ်တော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013